ဖာပွန်၊ စက်တင်ဘာ (၄)

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNAL တပ်မဟာ(၅)က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တပ်မဟာ(၅)နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ကေအဲန်ယူ-ဖာပွန်ခရိုင်လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ ဖောလုတပ်စခန်းကို စက်တင်ဘာ(၂)ရက်နေ့ မနက်ပိုင်းမှာ KNLA တပ်မဟာ(၅) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီထံကနေ လက်နက်ငယ်၊ ဗုံးသီး၊ ကျည်ဆံ၊ စကားပြောစက်တွေအပါအဝင် ပစ္စည်းတချို့တွေကို လည်း သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က KNU ပြောခွင်ရထံ ဆက်သွယ်မေးမြန်းနေပေမယ့် လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးပါဘူး။

ကေအဲန်ယူ-ဖာပွန်ခရိုင်အတွင်းမှာ KNLA တပ်မဟာ(၅)နဲ့ စစ်ကောင်စီ ၊ BGF ပူးပေါင်းတပ်တွေအကြား ထိတွေ့ပစ်ခတ်မှု မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ(၂၂) ရက်နေ့ကလည်း ဒွယ်လိုးမြို့နယ်ထဲက BGF တပ်စခန်းကို တပ်မဟာ(၅)က ဝင်ရောက်တိုက်ခိုက်ရာ BGF ဘက်က (၄)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ထားတာပါ။

ကေအဲန်ယူ-ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခအခြေအနေကြောင့် ဒေသခံဦးရေ တစ်သိန်းနီးပါးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.