ပေါင် ၊ စက်တင်ဘာ ၃
မွန်ပြည်နယ်၊ ပေါင်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းဟာ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ ညနေ ၆ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီမြို့မရဲစခန်းကို အမည်မသိအဖွဲ့တစ်ခုက ဒရုန်း ဒါမှမဟုတ် လက်နက်ကြီး ၄၀ မမနဲ့ လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
“အသံကတော့ အကျယ်ကြီးပဲ ကြားလိုက်တယ်၊ ထိခိုက်ပျက်စီးမှုကတော့ သေချာမသိရဘူး၊ရဲစခန်းနဲ့ ထွေအုပ်ရုံးကြားမှာ ကျတယ်လို့ သိရတယ်။ အဲဒီဘေးနားကို ဘယ်သူမှ သွားမကြည့်ရဲဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သေနတ် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို လမ်းသွားလမ်းလာပြည်သူတွေကို လုံခြုံရေး တင်းကြပ်ပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိမရှိကို သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုပေးနိုင်တာ မရှိသေးပါဘူး။
မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းတွေ မကြာခဏဆိုသလို ဒရုန်းနဲ့တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။
သတင်း-သံလွင်တိုင်းမ်