မော်လမြိုင်၊ စက်တင်ဘာ (၄)

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ပြည်တွင်းမှာ ပဲလက်ကျန် နည်းပါးလာတာကြောင့် မွန်ပြည်နယ်မှာ ပဲဈေးနှုန်း ဆက်လက် မြင့်တက်လာတယ်လို့ ပဲ၊နှမ်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက တစ်တင်း ကျပ် ၅၅၀၀၀ သာရှိခဲ့တဲ့ မတ်ပဲဟာ စက်တင်ဘာ လဆန်းပိုင်းမှာ တစ်တင်း ကျပ် ၆၆၀၀၀ ထိ ဈေးနှုန်း မြင့်တက်လာသလို ပဲပုတ်ကလည်း တစ်တင်းကျပ် ၅၀၀၀၀ ကနေ ကျပ် ၆၀၀၀၀ ထိ ဈေးနှုန်း ဆက်လက် မြင့်တက်လာတာ ဖြစ်ပါတယ်။

ကျန်ပဲတွေ ဖြစ်နေတဲ့ ပဲတီစိမ်း၊ ဘိုကိက်အပါအဝင် ပဲလွန်းဖြူတို့ကလည်း အမျိုးအစားအပေါ် မူတည်ပြီး ဈေးနှုန်း ဆက်လက် မြင့်တက်လာပါတယ်။

ပဲဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်း မြင့်တက်လာတာ၊ စစ်တပ် အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေး သွင်းအားစုတွေ ဈေးနှုန်း အဆမတန် ကြီးမြင့်နေတဲ့အတွက် ဈေးနှုန်း ဆက်လက်မြင့်တက်လာတာ ဖြစ်တယ်လို့ ပဲ၊နှမ်းလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ပဲမျိုးစုံကတော့ ဈေးတက်တယ်၊ ဈေးတက်တယ် ဆိုတာကလည်း လက်ရှိကတော့ ဒီဒေါ်လာဈေးနဲ့ ငွေဈေးနဲ့ ငွေဈေးရဲ့ တက်လာတဲ့ အပေါ်မှာ တက်လာတာလည်း ရှိတယ်၊ နောက်ပြီးတော့ နောက်တစ်ခုက လယ်ယာ လုပ်ငန်းတွေမှာ သုံးတဲ့ ဓာတ်မြေဩဇာပေါ့၊ ဒီနေ့ဆိုလို့ရှိရင် ပုလဲ ဓာတ်မြေဩဇာ ဆိုရင် (၁၆၀၀၀၀)လောက် ရှိတယ်လေ၊ ထည်ထိုးဖို့ ဆိုလိုရှိရင် ဒီဇယ် (၁)ဂါလံကို ဆိုလိုရှိရင် လက်ရှိ တစ်လီတာကို (၃၃၀၀) (၃၂၀၀) နယ်မှာ ပြောတာပေါ့နော်၊ အဲ့လိုမျိုးပေါ့ ဒီစိုက်ပျိုးတဲ့ ဥစ္စာတွေက အားလုံးကို ဈေးတက်လာတာ၊ အဲ့ဒီ အပေါ်မှာဘဲ မူတည်ပြီးတော့ ဈေးမြင့် ဈေးနိမ့် တယ်ဆိုတာ အဲ့ဒီ အပေါ်မှာ မူတည်ပြီးတော့ သွားကြလိမ့်မယ် ခင်ဗျ”လို့ ဆိုပါတယ်။

ပဲဈေးနှုန်း ဆက်လက်မြင့်နေတဲ့အတွက် ပြည်တွင်း ပဲဈေးကွက်မှာ ပဲဝယ်ယူမှု အနည်းငယ် ကျဆင်းနေပေမယ့် အိန္ဒိယနိုင်ငံကတော့ ပဲဝယ်ယူမှု ဆက်ရှိနေတာ ဖြစ်ပါတယ်။

ပဲ၊နှမ်းလုပ်ငန်းရှင်တွေကတော့ ပြည်တွင်းမှာ ပဲလက်ကျန် နည်းပါးနေတဲ့အတွက် လာမယ့် လပိုင်းတွေအတွင်း ပဲဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ သုံးသပ်တာပါ။

မွန်ပြည်နယ်ဟာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုတ်တို့ကို အဓိက စိုက်ပျိုးနေတာ ဖြစ်ပြီး နှစ်စဉ်ပဲတန်ချိန် သောင်းနဲ့ချီ ထွက်ရှိနေတာ ဖြစ်ပါတယ်။

ထွက်ရှိလာတဲ့ ပဲတွေကိုတော့ အိန္ဒိယ ၊ပါကစ္စတန်၊ နီပေါနဲ့စင်ကာပူနိုင်ငံတို့ကို အဓိက တင်ပို့ ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.