ထားဝယ်၊ စက်တင်ဘာ (၄)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပခပ်ကျေးရွာအနီးမှာ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပခမ်ကျေးရွာအနီးကို ခြေလျင်အပြင် ယာဉ်တန်းတွေနဲ့ စစ်ကြောင်း ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် ကော်သူလေးရဲဘော် ပူးပေါင်း စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ကလည်း ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဘက် ဝကုန်းနဲ့သင်္ကန်းတုံးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တစ်နေ့ကုန်နီးပါး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက် ၃ ဦးထက်မနည်း မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တာပါ။

ထားဝယ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးအတွက်ဆိုပြီး စစ်ကြောင်း ထိုးလာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.