နေပြည်တော်၊ စက်တင်ဘာ (၄)

၄ ရက်ကြာ သွားရောက်မယ့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ မြန်မာ့စီးပွားရေးအကျပ်အတည်း ထွက်ပေါက်ရဖို့ ကြိုးပမ်းမှုသာ ဖြစ်တယ်လို့ နိုင်ငံရေးနဲ့စီးပွားရေးလေ့လာသုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လာမယ့် စက်တင်ဘာ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့မှာ ပြုလုပ်မယ့် ၇၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် – ၂၀၂၂ ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်သွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီခရီးစဉ်မှာ စစ်ခေါင်းဆောင်က ရုရှားနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ချစ်ကြည်ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာအောင် ဆွေးနွေးသွားမယ်လို့လည်း ဆိုထားပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) ကတော့ စစ်ခေါင်းဆောင်ရဲ့ ဒီခရီးစဉ်မှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို နှစ်နိုင်ငံဟာ ဘယ်လို ဖြေရှင်းကြမလဲဆိုတာနဲ့ စီးပွားအကျပ်အတည်းမှာ ဒေါ်လာအစား တိုက်ရိုက်ငွေကြေးပေးချေမှုတွေအတွက်လည်း ဆွေးနွေးလာနိုင်တယ်လို့ သုံးသပ်တာပါ။

“ယေဘုယျသွားနေတဲ့ကိစ္စက အမေရိကန်ခေါင်းဆောင်နဲ့ အနောက်အုပ်စုက အခုနစကကို စီးပွားရေးအရ ပိတ်ဆို့တာတွေ၊ သပိတ်မှောက်တာတွေ ဒေါ်လာငွေကြေးနယ်ပယ်မှာ အပြောင်းအလဲလုပ်တာရော၊ အဲဒီလိုတွေ ပြတ်လာတော့ ရုရှားနဲ့က ဘဝတူပဲ။ရုရှားမှာလည်း အဲဒီလိုတွေ လုပ်တာခံရတယ်။စီးပွားရေးဆိုင်ရာ ကိစ္စတွေမှာ အရေးကြီးတဲ့ ငွေပေးငွေယူကိစ္စတွေ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ဟာမျိုးတွေ။ဒေါ်လာကို ကြားမခံဘဲနဲ့ တိုက်ရိုက် ငွေကြေးအပြောင်းအလဲ အရောင်းအဝယ်တွေ လုပ်နိုင်မလားဆိုတဲ့ ကိစ္စတွေက ဆွေးနွေးတဲ့အထဲ ပါနိုင်တာပေါ့”လို့ သူက သုံးသပ်ပါတယ်။

ဒါ့အပြင် ဒီခရီးစဉ်မှာ စစ်ခေါင်းဆောင်ဟာ စက်သုံးဆီတွေကို ရုရှားနိုင်ငံကနေ ဝယ်ယူပြီး အိန္ဒိယနိုင်ငံကတဆင့် တင်သွင်းဖို့လည်း လုပ်ဆောင်လာနိုင်တယ်လို့ ဦးရဲထွန်း(သီပေါ)က ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခုလာမယ့် ရုရှားခရီးစဉ်မှာ စစ်ခေါင်းဆောင်အနေနဲ့ စက်သုံးဆီနဲ့ ဒေါ်လာအရေးကို ဆွေး‌နွေးတင်ပြနိုင်ပေမယ့် လက်ရှိ စီးပွားရေးအကျပ်အတည်းတွေအပေါ် စစ်ကောင်စီရဲ့ ကုစားရေးဟာ မထိရောက်နိုင်ဘူးလို့ မှတ်ချက်ပြုပါတယ်။

“အခုက ဆန်ကျင်ရာ ကျည်ဖိုးလိုက်ဖြေရှင်းတဲ့ ကိစ္စပေါ့ဗျာ။ အရေးကြီးတဲ့ ပြဿနာ ပေါ်တဲ့ မျောက်နောက်ကို လိုက်ပြီး တစ်ခုချင်း လိုက်ဖြေရှင်းနေတာ။ တစ်ခုလုံးအနေနဲ့ ခြောက်လအတွင်း စီးပွားရေးဦးမော့အောင် လုပ်မယ်ဆိုတဲ့ဟာက လေလုံးထွားနေတာပဲ။တကယ့်လက်တွေ့က သူက (စစ်ခေါင်းဆောင်) ဦးမော့အောင်လုပ်တဲ့ အချိန်မှာ ပဲ့က နစ်နေပါပြီ။ အဲဒီတော့ ဒီအခြေအနေက ရုန်းထွက်နိုင်အောင် ကြိုးပမ်းဖို့အတွက် စစ်ကောင်စီမှာ အချက်အလက်မရှိဘူး၊ စွမ်းအားမရှိဘူး၊ ဖြစ်နိုင်ချေမရှိဘူးလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။ ကြာလေ ဆိုးလေ ဖြစ်လာမယ့် သဘောပါပဲ”လို့ သူက ထောက်ပြဝေဖန်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စု ထိပ်ပိုင်းအရာရှိတွေကို အာဏာသိမ်းချိန်ကစပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေအပြင် ဖြတ်သန်းခွင့်နဲ့ ပြည်ဝင်ခွင့်တွေကိုလည်း ပိတ်ပင်ထားတာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန် ၂၁ ရက်နေ့မှာ ရုရှားနိုင်ငံကို နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ တက်ရောက်ဖို့ အကြောင်းပြချက်နဲ့ ပထမအကြိမ် သွားရောက်ခဲ့တာပါ။

ဒါ့အပြင် အခုနှစ် ဇူလိုင် ၁၀ ရက်နေ့မှာလည်း ရုရှားနိုင်ငံကို သီတဂူဆရာတော်တို့နဲ့အတူ မော်စကိုမြို့၊ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်မှာ ဘုရားထီးတော်တင်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒုတိယအကြိမ် ထက်မံသွားရောက်ထားပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်တွေကို ရုရှား သမ္မတ ပူတင်က လက်ခံတွေ့ဆုံခဲ့တာတော့ မရှိသေးပါဘူး။

တဖက်မှာတော့ စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းဖို့ နည်းပညာတွေအပါအဝင် စစ်လက်နက်တွေနဲ့ စစ်လေယာဉ်တွေ ဝယ်ယူဖို့လည်း ပါဝင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.