ဂန့်ဂေါ l စက်တင်ဘာ (၄)

မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာထဲ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ သူတို့ ဓါးစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံအရပ်သားပြည်သူ ၂ ဦးကို ရိုက်နက်ညှဉ်းပန်းနှိပ်စက်ပြီး ပစ်ခတ်သတ်ဖြတ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က မြင်းဇာကျေးရွာထဲ စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူ ၂၀ နီးပါးကို ဓါးစာခံအဖြစ် ဖမ်းဆီးပြီး မြင်းဇာကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲနေထိုင်နေတာပါ။

စစ်ကောင်စီတပ်ဟာ သူတို့ ဓါးစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံတွေထဲက အမျိုးသား ၂ ဦးကို စက်တင်ဘာ ၃ ရက်နေ့မှာ ရိုက်နက်ညှဉ်းပန်းနှိပ်စက်ပြီး ပစ်ခတ်သတ်ဖြတ်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ သိရသလောက်တော့ ဓါးစားခံအဖြစ် ဖမ်းဆီးခံထားတဲ့အထဲက အမျိုးသား ၂ ဦးကို ဒီကနေ့မှာ သတ်လိုက်တယ်လို့ ကြားတယ်၊ ကျန်တဲ့လူတွေရဲ့ အခြေအနေကို ဆက်လက်စုံစမ်းနေတယ်၊အခုက ရွာထဲ ဘယ်သူမှ မပြန်ရဲကြသေးဘူး”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အရပ်သားပြည်သူ ၂ ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တဲ့ စစ်ကောင်စီတပ်ဟာ ဂန့်ဂေါအခြေစိုက်ခလရ (၅၀)တပ်က ဖြစ်ပြီး ဖမ်းဆီးထားတဲ့ ဒေသခံတွေကိုလည်း ထမင်းဟင်းချက်ခိုင်းပြီး စားသောက်နေကြတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ မြင်းဇာကျေးရွာနဲ့ ကပ်လျက်ရှိတဲ့ ကျွဲနန်းကျေးရွာမှာလည်း ဝင်ရောက် တပ်စွဲထားပြီး ဒေသခံတွေကိုလည်း ဓါးစာခံအဖြစ် ဖမ်းဆီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဂန့်ဂေါခရိုင်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် တွေ့ဆုံရမယ့် အခြေအနေကို ရှောင်ခွင်းသွားကြပြီး စစ်ကြောင်းဘေး တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကို ဓါးစာခံအဖြစ်ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.