ဘီးလင်း ၊ စက်တင်ဘာ (၁)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်နဲ့ကျောက်ဖျာကျေးရွာကြားမှာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝင်းတာပန် စစ်ကောင်စီစခန်းကနေ လေးကေကျေးရွာဘက်ကို ခြေလျင်နဲ့ စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် နှစ်ဖက်တိုက်ပွဲ မိနစ် ၃၀ နီးပါးကြာ ဖြစ်ပွားခဲ့တာပါ။

“ဝင်းတာပန်ဘက်ကနေ လေးကေဘက်သွားတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာပေါ့။ ပစ်ခတ်မှုကတော့ မိနစ်ပိုင်းလောက်ရှိမယ်။ ဒီဘက်ကတော့ ထိခိုက်တာမရှိဘူး။ စကစဘက်ကတော့ ထိခိုက်သေဆုံးရှိတယ်။ စာရင်းအတိအကျတော့မရသေးဘူး”လို့ KNU သထုံခရိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ အဝင်းကြီး အမြှောက်တပ်ဘက်ကနေ ကျောက်ဖျာနဲ့အဝင်းကြီးကျေးရွာအကြားကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်း ချီတက်လာတာကြောင့် KNLA ပူးပေါင်းတပ်နဲ့ နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေတာ ဖြစ်ပါတယ်။

ဘီးလင်းမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ မကြာခဏ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီလက်အောက်ခံ ရုံးတွေလည်း ဒရုန်းတွေနဲ့တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.