ရန်ကုန် ၊ စက်တင်ဘာ (၂)

အာဏာသိမ်း စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မှုဟာ ဆေးမီးတိုသာ ဖြစ်ပြီး ဈေးကွက်တစ်ခုလုံးအပေါ် ထိရောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်မှုကို သက်သာစေဖို့ နိုင်ငံခြား ငွေကြေး ဈေးကွက်မှ တဆင့် အမေရိကန် ဒေါ်လာ သန်း(၂၀၀)ကျော် ထောက်ပံ့ ပေးမယ်လို့ ဩဂုတ် ၃၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ စက်သုံးဆီ ဈေးကွက် တစ်ခုတည်းကိုသာ ဦးတည် နေတာကြောင့် လက်ရှိ ဈေးကွက် အတွင်းရှိ အခြေခံ ကုန်စည် အားလုံးကို မထိရောက် နိုင်ဘူးလို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက သုံးသပ်ပါတယ်။

စီးပွားရေး လေ့လာသုံးသပ်သူ တစ်ဦးကတော့ စစ်ကောင်စီက ဒေါ်လာ သန်း(၂၀၀)ကျော် ထောက်ပံ့ ပေးမယ်လို့ ထုတ်ပြန်တာဟာ ဒေါ်လာမရှိတဲ့ စက်သုံးဆီသမားတွေကို ဒေါ်လာချပေးတဲ့ သဘောလောက်သာ ရှိပြီး ဈေးကွက်တစ်ခုလုံးကို ပြင်နိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။

“သူက အဲ့ဒီငွေ သန်း(၂၀၀)က စက်သုံးဆီ ဈေးအတွက်ကို ကာဘာ လုပ်ထားတာလေ၊ စက်သုံးဆီ သမားတွေ ဝယ်ဖို့ အတွက် ဆီ သူတို့မှာ ဒေါ်လာမရှိလို့ သူတို့ကနေ စက်သုံးဆီ သမားတွေကို ဒေါ်လာ ချပေးတဲ့ သဘောပဲ၊ အရေးကြီးတဲ့ ကုန်စည်တွေ ဆိုရင်တော့ ဗဟိုဘဏ်က ဒါအထူး တရပ် အနေနဲ့ ထုတ်ပြန်ပေးတဲ့ သဘောပဲ ရှိတယ်၊ အကုန်လုံး ကုဖို့က မလွယ်သေးဘူး၊ ဒါက လောလောဆယ် နိုင်ငံရဲ့ အရေးပေါ် ပြသနာကို ဖြေရှင်းတဲ့ အနေနဲ့ ပေးတဲ့ ဆေးမြီးတိုဘဲ၊ အကုန်လုံးကို ပြင်ဖို့ မကြိုးစားနိုင်တော့ တစိတ်တပိုင်းတော့ လိုက်ပြင်နေတဲ့ သဘောတော့ ရှိတယ်”လို့ ဆိုပါတယ်။

ဒ့ါအပြင် စက်သုံးဆီတွေဟာ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့ နေရာမှာသာ အဓိက ကျတာကြောင့် စစ်ကောင်စီက ဒေါ်လာ ထောက်ပံ့ပါကလည်း သယ်ယူပို့ဆောင်ရေး စရိတ်တွေသာ လျော့ကျလာနိုင်ပေမယ့် တဖက်နိုင်ငံတွေက တင်သွင်းနဲ့ အခြေခံကုန်စည်တွေအတွက် ထိရောက်မှု ကြီးကြီးမားမား ရှိလာမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ နိုင်ငံခြားငွေကြေး တန်ဖိုး ဆက်လက်မြင့်တက်နေပြီး မြန်မာ့ ငွေကြေး တန်ဖိုး ဆက်လက် ကျဆင်းလာတာကြောင့် ကုန်ပစ္စည်းဈေးနှုန်း အဆမတန် မြင့်တက်လာသလို ဈေးကွက်အတွင်းမှာ ကမောက်ကမတွေ ဖြစ်နေတာပါ။

အဲဒီထဲမှာတော့ ဒေါ်လာငွေဈေးနှုန်းဟာ တစ်ဒေါ်လာကို ကျပ် ၄၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်နေသလို ရွှေဈေးကလည်း တစ်ကျပ်သား ကျပ် ၃၄ သိန်းလောက်ထိ ပေါက်ဈေးရှိနေတာ ဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှာ အရောင်းအဝယ် အားလုံးနီးပါး ရပ်နားထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.