ထားဝယ် ၊ သြဂုတ် (၃၀)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်(၄)လမ်းမှာ ကပ်လျက်ရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ကညနရုံးနဲ့လဝကရုံးဟာ သြဂုတ် ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ပစ်ခတ်ခံခဲ့ရတာကြောင့် တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အဲဒီရုံး ၂ ရုံးကို ထားဝယ်ပြောက်ကျားအဖွဲ့ဝင် ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ကညနရုံးနဲ့လဝကရုံး ပစ်ခတ်ခံရတာကြောင့် ရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ရုံးနံရံတွေမှာ ကျည်ပေါက်ရာတွေ ကျန်ရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ရုံးအရှေ့မှာ ရှိနေတဲ့ အသက် ၆၀ အရွယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ဟောင်း ဦးညွှန့်ရွှေမှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားတာ ဖြစ်ပါတယ်။

ထားဝယ်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ စစ်ကောင်စီကို ဝင်ငွေရှာပေးနေတဲ့အတွက် ကညနရုံးနဲ့ လဝကရုံးကို ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ရုံးအရှေ့မှာ ရှိနေတဲ့ စစ်ကောင်စီသတင်းပေးနဲ့ ပွဲစားလုပ်နေသူ ဦးညွှန့်ရွှေကိုပါ ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

ကညနရုံးနဲ့လဝကရုံး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထားဝယ်မြို့နယ်အတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်နေသလို လမ်းတချို့ကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့ စစ်ကောင်စီ လက်အောက်ခံ လဝကရုံးကို ရေးဘီးလူအဖွဲ့က လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒုမြို့နယ်လဝကမှူး အပါအဝင် သုံးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.