မော်လမြိုင် – ဩဂုတ်(၃၁)

မြန်မာနိုင်ငံမှာ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ အာဏာသိမ်းစစ်ကောင်စီကို အနိုင်ရရှိပြီး တော်လှန်ရေး အောင်မြင်ဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍက အထူး အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ က ပြောပါတယ်။

ဩဂုတ်လ(၃၀) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၆၅) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အခုလိုပြောဆိုခဲ့တာပါ။

“တော်လှန်ရေးခရီးအမြန်အောင်မြင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့များရဲ့ အခန်း ကဏ္ဍကလည်း အထူးအရေးကြီးလှပါတယ်။ ဒါ့အတွက် မိမိတို့ အမျိုးသား ညီညွတ်ရေးအစိုးရ အနေနဲ့ စစုဖွဲ့ခဲ့သည့်နေ့မှ စတင်ပြီး မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များကို ချည်းကပ်ပြီး တိုင်းပြည်တည်ဆောက်ရေး ကဏ္ဍမှာ အတူကွလက်တွဲနိုင်ရန် ကြိုးပမ်းချိတ်ဆက်ခဲ့ပါတယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့ဝင်တွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက် မှုတွေမှာ ယုံကြည်မှုပိုမိုတိုးတက်လာဖို့နဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ ပိုမိုတိုးတက်လာဖို့ အစွမ်းကုန် ကြိုးပမ်းကြဖို့လဲ ယာယီသမ္မတက တိုက်တွန်းခဲ့ပါတယ်။

အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း တို့အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် ပြည်သူတွေအချင်းချင်း ယုံယုံကြည်ကြည်နဲ့ လက်တွေမြဲ အောင်ချိတ်ပြီး ရုန်းကန်ရမှာဖြစ်သလို အစိုးရအဖွဲ့တွေကလည်း ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက ကြိုးစားပြီး ပြည်သူတွေနဲ့ အတူရုန်းကန်နေတယ်လို့ NUG ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

အစည်းအဝေးမှာ CDM တွေကို မတရားဖမ်းဆီးနှိပ်စက်နေတဲ့ Non CDM တွေကို တာဝန်ယူဖြေရှင်း ရေးကိစ္စ၊CDM ဝန်ထမ်းတွေကို ထောက်ပံ့ရေးကိစ္စနဲ့ လုံခြုံရေးကိစ္စတွေအပြင် အချက်(၅) ချက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.