ဂန့်ဂေါ – ဩဂုတ် (၂၉)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီရဲ့ အင်တာ (၁၀၀) လောက်ပါတဲ့ စစ် ကြောင်းက (၈) ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စစ်ရှောင်တဲတွေအပါအဝင် အိမ်ခြေ (၁၀၀) ကျော်မီးလောင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းတိုင်းစစ်ဒေသခွဲ တပ်ရင်း၇၀၁ က ပြောပါတယ်။

ဩဂုတ်လ(၂၂) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ နှမ်းခါးရွာ၊မွှေ့လယ်ရွာ၊ထယ်လှော်ရွာ၊ မောက်ရွာ၊ မောက်လင်းရွာနဲ့ ကျော်ရွာတို့က ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ သိုလှောင်ထားတဲ့ နှမ်းတွေကိုမီးရှို့ ဖျက်ဆီးခဲ့တာပါ။

စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နှမ်းခါးချောင်း နှမ်းခါးရွာက စစ်ဘေးရှောင်စာသင်ကျောင်းတဲ (၂) လုံ၊ နာရေးကားတစ်စီး၊အိမ်စီးကားတစ်စီး၊ ဖောကားတစ်စီး၊သုံးဘီးဆိုင်ကယ်နှစ်စီး၊ မွှေ့လယ်ရွာက ဆိုင်ကယ်ရှစ်စီးမီးရှို့ခံခဲ့ရပြီး မောက်ရွာက ပြည်သူတစ်ဦး သေဆုံးထားကာ တစ်ဦး ပျောက် ဆုံး နေတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဒေသခွဲ တပ်ရင်း၇၀၁(YRPA) ဒုတပ်ရင်းမှူး ကိုသားဇင်က အခုလို ပြောခဲ့ပါတယ်။

“နာရေးကားထဲမှာ ဆေးပစ္စည်းတချို့လည်းပါသွားတယ်။စစ်ရှောင်တဲအများစုမှာတော့ ရာသီပေါ် သိမ်းထားတဲ့နှမ်းတွေရွာထဲကအိမ်ကိုမီးရှို့ခံရသည်ရှိသော်တောထဲမှာအများစုကအခြေချပြီးနေတာဖြစ်တဲ့အတွက် နေအိမ်မှာရှိတဲ့ပစ္စည်းတော်တော်များများကို တောထဲသယ်ထားကြတာပေါ့။ ခုတော ထဲကတဲတွေမီးရှို့ခံရတာတော့အကုန်လုံးဆုံးရှုံးသွားတယ်ပေါ့။အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဒီလောက်ပဲကျန်တယ်။အများစုမကျန်ဘူး အကုန်လုံးမီးထဲပါသွားတယ်ဗျ။” လို့ အနောက်ပိုင်း တိုင်းစစ် ဒေသခွဲ တပ်ရင်း၇၀၁(YRPA) ဒုတပ်ရင်းမှုး ကိုသားဇင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်း ရောက်လာချိန်မှာ စစ်ဘေးရှောင်တချို့က ကြိုတင်သတင်းရလို့ တိမ်းရှောင်နိုင်သူတွေရှိပေမယ့် ရှောင်ချိန်မရလိုက်တဲ့သူတွေကို ဓားစာခံအဖြစ်လမ်းပြခေါ်တာ စစ်သုံးပစ္စည်းတွေကို သယ်ခိုင်းတာတွေလုပ်ခိုင်းပြီး တချို့ကို ပြန်လွှတ်ပေးထားတယ်လို့ သူပြော ပါသေးတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကာကွယန်ရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်မှာကို ရှောင် ခွင်းသွားကာ သူတို့သွားတဲ့လမ်းတစ်လျှောက်က ကျေးရွာတွေ၊စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးခဲ့ တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့ဆီမှာကပုံမှန်ပဲရွာထဲမှာနေကြတယ်။ စစ်ကြောင်းရောက်ပြီဆိုကာမှ နီးတဲ့ရွာ နှစ်ရွာသုံးရွာက ရွာလုံးကျွတ်နီးနီးနီးစပ်ရာတောထဲမှာသွားနေကြတယ်ဗျ။ ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ရွာတွေနဲ့ ခဏခဏမီးရှို့ခံရတဲ့ရွာတွေကတော့ တောထဲမှာပဲ နေကြရတာပေါ့။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လက်ရှိအချိန်မှာတော့ မိုးတွင်းကာလဖြစ်တဲ့အတွက် စစ်ရှောင်တွေဟာ နေထိုင်ဖို့နဲ့ သောက်သုံးရေ မသန့်ရှင်းတဲ့အတွက် ကျန်းမာရေးထိခိုက်နေကြရတယ်လို့ သိရပါတယ်။ “ပြည်သူတွေရဲ့ဘဝကတော့ သန်းခေါင်ထက် ညဉ့်မနက်တော့တဲ့ အခြေအနေပါပဲ။ ဒီတော်လှန်ရေး ကြီး အောင်မြင်မှ မိုးသောက်ရောင်နီရောက်မှာမလို့ အားလုံးက နိုင်ရာကဏ္ဍတွေကနေ ဝိုင်းဝန်း ကူညီ၊ ပါဝင်တော်လှန်ကြဖို့ အထူးလိုအပ်ပါတယ်”လို့ မကွေးလူထုတိုက်ပွဲကော်မတီက ကိုချစ်ဝင်းမောင် ကသံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက အကြမ်းဖက်လုပ်ရပ်တွေကို စဉ်ဆက်မပြတ်လုပ်ဆောင်တာတွေနဲ့ တစ်ရွာလုံး ကိုမီးရှို့ဖျက်ဆီးခဲ့လို့ထွက်ပြေးနေရတဲ့ ပြည်သူတွေရဲ့ ယာယီစစ်ရှောင်စခန်းတွေကို မီးနဲ့ ထပ်ရှို့တဲ့ လုပ်ရပ်တွေဟာ ဖော်ပြဖို့ ခက်တဲ့ ယုတ်မာမှုတွေဖြစ်တယ်လို့ သူကပြောပါသေးတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းမရှိချိန်တွေမှာ မြို့ပေါ်ရဲစခန်းနေရာကလွဲရင် နယ်မြေတော်တော်များများကို ကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားပြီး စာသင်ကျောင်းဖွင့်လှစ်တာ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားကိုပါ တည်ထောင်ထားနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ဩဂုတ်လ(၂၈) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ခြေ (၂၈၄၃၄) လုံးမီးရှို့ခံထားရပြီး မကွေးတိုင်းက အိမ်ခြေ (၅၄၁၈) လုံး နဲ့ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတာခံထားရတဲ့ နေရာဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ ကျေးရွာတွေနဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးတာ မရှိဘူးလူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကို စစ်ခေါင်းဆောင်က ဗြောင်ကျကျ မျက်နှာပြောင်တိုက်ပြီး လိမ်လည်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.