သရက်ချောင်း – ဩဂုတ်(၂၉)
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က စုံစင်ကျေးရွာက စိတ်ကျန်းမာရေးချို့ယွင်းနေတဲ့ အမျိုးသား တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ရိုက်နှိက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အသက် ၄၀ နှစ်အရွယ်ဝန်းကျင်ရှိတဲ့ ကိုမင်းလဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မဲဆွယ်ကာလမှာ ဖြန့်ဝေခဲ့တဲ့ တီရှပ်အင်္ကျီဝတ်ဆင်ကာ လမ်းသွားလာနေရင်း စစ်ကောင်စီတပ် ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲနောက်မှာ စိတ်မနှံ့ကျန်းမာရေးချို့တဲ့ရောဂါ ခံစားနေတဲ့ ကိုမင်းလဲ့ကို အပြင်းအထန်းရိုက်ခဲ့ပြီးနောက် သရက်ချောင်းမြို့နယ် ဝင်းဝရွာရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာ NLD ပါတီမဲဆွယ်တဲ့အချိန် ဖြန့်ဝေထားတဲ့ အင်္ကျီကိုဝတ်ပြီး လျှောက်သွားနေရင်း စုံဖျင်းမီးသတ်ရုံးမှာ တပ်စွဲထားတဲ့ စစ်သားတွေနဲ့တိုးတော့ ဖမ်းလိုက်တာ၊ အခုသူ့ကို အပြင်းအထန်ရိုက်နှိက်ထားပြီး ဝင်းဝစခန်းကို ပို့ထားတာပဲ သိသေးတယ်” လို့ ဒေသခံကပြောပါတယ်။
လက်ရှိ ကိုမင်းလဲ့ ကို ဝင်းဝစခန်းမှာသာ ထိန်းသိမ်းထားပြီး ရိုက်နှိက်ခံထားရတဲ့ဒဏ်ရာ ပြင်းထန်နေပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ရဲစခန်းဘက်က မိသားဝင်တွေ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နေ့မှာလည်း ရေဖြူမြို့နယ် ရလိုင်ကျေးရွာမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံခဲ့ပြီး သေဆုံးခဲ့ပါသေးတယ်။
ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ