ရေစကြို – ဩဂုတ်(၂၉)

မကွေးတိုင်း ရေစကြိုမြို့က ဘောလုံးကွင်းစျေးကို စျေးကောက်လာတဲ့ ပျူစောထီးခေါင်းဆောင် အပါအဝင်(၆) ဦးကို အမျိုးသမီးတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေရာမှာပဲ သေဆုံးသွား ခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဩဂုတ်လ(၂၉) ရက်နေ့ မနက်(၈) နာရီဝန်းကျင်မှာ အမျိုးသမီး ပြောက်ကျား တပ်ဖွဲ့ဝင်တွေ က ပစ်ခတ်ရှင်းလင်း ခဲ့တာပါ။

“မနက်ရှစ်နာရီခွဲလောက်မှာ​ရေစကြိုဘောလုံးကွင်းစျေးကိုသူတို့အဖွဲ့ကစျေးကောက်လာပါတယ်။ မိန်းကလေးခြောက်ယောက်က ဆိုက်တွဲပုံစံနဲ့ စျေးကိုရောက်နှင့်နေတာဗျ။ သူတို့အရောက်မှာ ရှေ့ နောက်ညှပ်ပစ်တာ။ ပြန်ပစ်ချိန်တောင်မရဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြော ပါ တယ်။

သေဆုံးသွားတဲ့ ပျူစောထီး ခေါင်းဆောင်တွေရဲ့ လက်ထဲကနေ သေနတ်မျိုးစုံခြောက်လက်နဲ့ လက်ကိုင်ဖုန်း (၂) လုံးကို အမျိုးသမီးပြောက်ကျား တပ်ဖွဲ့ဝင်တွေက သိမ်းယူသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ပျူစောထီးခေါင်ဆောင်ဟာ ဆင်ချောင်းစိုးမောင်ဆိုသူရဲ့ လူယုံ ထွန်းအောင် ကျော်ဖြစ်ပြီး အသက်(၄၆) နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင်သတ်ဖြတ်ခံရပြီးနောက်မှာတော့ စစ်ကောင်စီ တပ်သားတွေ ရောက်ရှိလာပြီး စျေးသည်တွေရဲ့ ကုန်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးတွေကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့ အမျိုးသမီးပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ ထိခိုက်ဒဏ်ရာ တစုံတရာ ရရှိတာ မရှိဘူးလို့ မျက်မြင်တွေ့ရှိသူတွေက ပြောဆိုထားပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာတော့ တရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Yesago Township info Committee

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.