သံဖြူဇရပ် ၊ သြဂုတ် (၂၈)

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့ရှိ စစ်ကောင်စီ မြို့မရဲစခန်းအား လာရောက် ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက လူငယ် ၆ ဦးကို ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သံဖြူဇရပ်မြို့မရဲစခန်းကို ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့မှာ သံဖြူဇရပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီက သြဂုတ် ၂၅ ရက်နေ့မှာ သံဖြူဇရပ်မြို့ ၊ ကြံခိုင်ရေးရပ်ကွက်က ကိုလင်းထွဋ်ဝင်း (ခ) ကိုပု စတင် ဖမ်းဆီးခဲ့ပြီးနောက် ကိုဇေယျာဝင်း၊ ကိုဆက်နိုင်ဦး၊ ကိုထွန်းထွန်းလင်း၊ ကိုဇော်ဦးနဲ့ ဝင်းမင်းထွန်းတို့ကိုလည်း ထပ်မံ ဖမ်းဆီးခံခဲ့ရတာပါ။

ဒေသခံတစ်ဦးကတော့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေသခံလူငယ်တွေဟာ သာမန်လက်လုပ်လက်စားပြည်သူတွေ ဖြစ်ပြီး ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်တယ်ဆိုတဲ့ သတင်းမကြားမိဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၆ ဦးကိုတော့ စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)တွေနဲ့ သံဖြူ ဇရပ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရတဲ့ လူငယ် ၆ ဦးကို စစ်ကြောရေးမှာ ဆက်လက် စစ်ဆေးနေတယ်လို့ သိရပါတယ်။သံဖြူဇရပ်မြို့မရဲစခန်း တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.