နေပြည်တော် ၊ သြဂုတ် (၂၄)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) တွေအနေနဲ့ လက်နက်ဆက်ကိုင်လိုရင် စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ထဲ ဝင်ရောက် တာဝန်ထမ်းဆောင် ခွင့်ပြုမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ ပတ်သက်ပြီး NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဆက်လက် ဆောင်ရွက်သွားရမယ့် ကိစ္စရပ်တွေကို အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) တွေအနေနဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှုဖြစ်အောင် လုပ်ဆောင်ခဲ့ပါက နစ်နာသူတွေဘက်က တောင်းဆိုလာရင် ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်ဟာ သူဖြစ်ချင်တဲ့ ဆန္ဒကို ပြောတာဖြစ်နိုင်ပေမယ့် ထိလွယ်ရှလွယ် ကိစ္စရပ် ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“နစက ဥက္ကဌအနေနဲ့ သူပြောတဲ့အစည်းအဝေးက စကားတွေကလည်းပဲ သူ့ရဲ့အမြင် သူ့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ သူပြောတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။သို့သော်လည်းပဲNCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ကတော့NCA စာချုပ်မှာပါတဲ့ တိုင်းရင်းသားလူမျိုးများ အားလုံး ပူးပေါင်းပါဝင်သော ပြည်ထောင်စု တပ်မတော်တည်ဆောက်ရေး ကိစ္စရပ်တွေပဲဖြစ်ဖြစ် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်ပဲဖြစ်ဖြစ် အစဉ်လိုက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေက ထဲထဲဝင်ဝင် ရှင်းရှင်းလင်းလင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်နိုင်သေးခင် စပ်ကြားမှာကတော့ ကျွန်တော်တို့ PPST အနေနဲ့ ဒီဟာက ထိလွယ်ရှလွယ် ကိစ္စလည်း ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အခုကိစ္စရပ်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ အာမခံချက်တွေ ပြည့်စုံလုံလောက်တဲ့ အခင်းအကျင်းတွေ မဖော်ဆောင်နိုင်သေးတဲ့အတွက် အကျေအလည် ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်မယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အပစ်ရပ် လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့က ပြောခွင့်ရသူတွေကို သံလွင်တိုင်းမ်က ငါးကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်း စစ်ကောင်စီကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) တို့အပေါ် အခြေခံကာ ငြိမ်းချမ်းရေးအတွက်EAO တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဲဒီEAOsအဖွဲ့တွေနဲ့ သဘောတူညီချက်တွေ ရရှိပြီး လက်မှတ်ရေးထိုးနိုင်တဲ့အထိ အကြိမ်ကြိမ် ထပ်မံဆွေးနွေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။

EAO တွေအနေနဲ့ NCA ထိုးပြီးရင် တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးတွေ ရရှိဖို့ နိုင်ငံရေးစင်မြင့် လွှတ်တော်မှာ ဆွေးနွေးနိုင်မှာဖြစ်သလို စီးပွားရေးတွေ လုပ်လိုရင်လည်း ဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ကူညီပေးမယ်လို့လည်း စစ်ခေါင်းဆောင်က မက်လုံးပေးပါတယ်။

လက်ရှိမှာတော့ အပစ်ရပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (EAO) ၁၀ ဖွဲ့ထဲက ၇ ဖွဲ့နဲ့ အပစ်ရပ်မထိုးရသေးတဲ့ EAO ၃ ဖွဲ့တို့ စစ်ကောင်စီနဲ့ ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီထဲက အပစ်ရပ်ထိုးထားတဲ့ ၇ ဖွဲ့ထဲက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ဟာ ဩဂုတ် ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၂၀၂၂ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာ တွေ့ဆုံစဥ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.