မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ယော PDF အချင်းချင်းအဝေမတည့်ကာ PDFတစ်ဦးမှ ယော PDF ရုံးခန်းအားမီးနဲ့ရှို့ကာထွက်ပြေး”ဆိုတဲ့ သတင်းကို စိစစ်ပေးပါမယ်။

ဒီအကြောင်းအရာကို သြဂုတ်လ၂၄ရက်နေ့မှာ စစ်တပ်ထောက်ခံသူတွေဖြစ်တဲ့ Kyaw Sawar တယ်လီဂရမ်က ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

“ယော PDF အချင်းချင်း အဝေမတည့်ကာ PDFတစ်ဦးမှ ယော PDF ရုံးခန်းအား မီးနဲ့ရှို့ကာ ထွက်ပြေးသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့တယ်လို့သိရပါသည်။

ထုတ်ပြန်ထားသည်မှာကျပ် သိန်း ၃၀၀ ခန့်ဟု ထုတ်ပြန်ထားသော်လည်း ပျက်စီးတဲ့ပစ္စည်းများသည် အစုတ်များသာဖြစ်” ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

Kyaw Sawar တယ်လီဂရမ်က ရေးသားမှုကိုပဲ ထပ်ဆင့်ကူးယူ ဖော်ပြသူ စစ်တပ်ထောက်ခံသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ သတင်းမှားဖြန့်ဝေနေတဲ့ စစ်တပ်ထောက်ခံသူ အကောင့်တွေနဲ့ တယ်လီဂရမ် ချန်နယ်လင့်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

https://bit.ly/3cloRO8https://bit.ly/3cnRnhThttps://bit.ly/3AjKlTlhttps://bit.ly/3AiKc2G

ဒီအကြောင်းအရာကို သံလွင်တိုင်းမ်မှ စိစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဖြစ်စဥ်အမှန်ကတော့အပူချိန်လွန်ကဲမှုကြောင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ လက်နက်ခဲယမ်းဂိုဒေါင် ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းသွားခဲ့ရတာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲ့ ဖေါ်ပြချက် သတင်းတွေအရ သံလွင်တိုင်းမ်က စီစစ်တွေ့ရှိရပါတယ်။

အများပြည်သူ လှူဒါန်းထားတဲ့ ငွေကြေးပစ္စည်းများ အလဟဿဆုံးရှုံးသွားတဲ့အတွက် ပြည်သူများနှင့် အလှုရှင်များကို YPDF က တောင်းပန်ထားပြီး နောက်နောင် အလားတူ ဆုံးရှုံးမှုများ မဖြစ်ရလေအောင် အထူးဂရုစိုက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

မီးလောင်မှုကြောင့် တစုံတရာ ထိခိုက်မှု မရှိခဲ့ဘဲ မီးလောင်ဆုံးရှုံးမှုအနေနဲ့ ငွေသားကျပ်သိန်း ၄၀ ကျော်၊ ဆက်သွယ်ရေးစက်များ၊ ဆိုင်ကယ်များ၊ laptop၊ ဒိုင်နမို၊ ယမ်းအမျိုးမျိုး၊ ခါးချိုးကျည် အတောင့် ၂,၀၀၀ ကျော် စုစုပေါင်း ကျပ်သိန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယော PDFကထုတ်ပြန်ထားတဲ့ လက်နက်ဂိုဒေါင် မီးလောင်မှ ဖြစ်စဥ်ကို PDF တော်လှန်ရေးသမား အချင်းချင်း တိုက်ခိုက်မှုဖြစ်သယောင် ဝါဒဖြန့်ရေးသားကာ ဓါတ်ပုံမှတ်တမ်းများနဲ့ လူထုကြား PDFတွေကို အယုံအကြည်မဲ့အောင် စစ်ကောင်စီဘက်တော်သား အကောင့်တုတွေက ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။

YPDF ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://bit.ly/3PL6Aaz

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်

Than Lwin Timeသတင်းဌာန – https://bit.ly/3AIWq65

Lu Nge Khit သတင်းဌာန – https://bit.ly/3QOjdCS

ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့” ယော PDF အချင်းချင်း အဝေမတည့်ကာ PDFတစ်ဦးမှ ယော PDF ရုံးခန်းအားမီးနဲ့ရှို့ကာထွက်ပြေး” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့် သတင်းသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.