ဒီမော့ဆို – ဩဂုတ်(၂၄)

ကရင်နီပြည်နယ်ဒီမော့ဆိုမြို့က ခြေတော်ရာဘုရားဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၄၀၀) ကျော်နဲ့ စစ်ကြောင်းနှစ်ဘက်ခွဲပြီး ထိုးစစ်ဆင်နေတယ်လို့ KNDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းတွေဟာ ဒီမော့ဆို ငွေတောင်ခြေမြန်တပ်ရင်ူ (၁၀၂) ဘက်ကနေ စစ်ကြောင်းတစ် ကြောင်း ဖရူဆို အခြေစိုက်ခမရ (၄၂၈) နဲ့(၅၁၃) တို့ဘက်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ ခြေတော် ရာဘုရားဘက်ကို စစ်ကြောင်းထိုးလာတာပါ။

ကရင်နီပြည်နယ်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဆီကို ပို့ဆောင်ဆက်သွယ်ရေးအတွက် ဒီမော့ဆို မြို့ဟာ အရေးပါတဲ့အတွက် အင်အားသုံးပြီး သိမ်းပိုက်ဖို့ ကြိုးစားနေတာဖြစ်နိုင်တယ် လို့ KNDF တာဝန်ခံက အခုလိုပြောပါတယ်။

“အဓိကကတော့ သူတို့ရဲ့လမ်းကြောင်းပေါ့နော် သူတို့ရဲ့လွိုင်ကော်၊ဒီမော့ဆို၊ဖရူဆို ဆက်သွယ်ရေးလမ်းကြောင်းတွေအဆင်ပြေချောမွေ့စေဖို့ပေါ့နော်။ ဆက်သွယ်ရေးဆိုတာက သူတို့ပို့ဆောင်ဆက်သွယ်ရေးတွေအဆင်ပြေအောင်လို့ သူတို့ စစ်ကြောင်းထိုးတယ်လို့ ယူဆလို့ရပါတယ်” လို့ KNDF တာဝန်ခံက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေဟာ ခြေတော်ရာ ဘုရားဆီလာတဲ့ လမ်းက ရွာတွေမှာ ရှိနေပြီး စစ်ကြောင်းဆက်ထိုးဖို့ လုပ်ဆောင်နေကြတယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းကယားနယ်စပ် တငူးဆိုး တပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရိက္ခာ ပြတ်လပ်သွားတဲ့အတွက် စခန်းကို စွန့်ခွာခဲ့ရကာ အဲ့ဒီစကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ က သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သြဂုတ်လ တတိယအပတ်အတွင်းမှာ ဖရူဆိုမြို့နဲ့ လွိုင်ကော်မြို့နယ် တို့ကနေတဆင့် ဒီမော့ဆိုမြို့နယ်ထဲကို တပ်အင်အားအများအပြားနဲ့ အပြင်းအထန် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ် ဒီမော့ဆို ခြေတော်ရာ ဘုရားတောင်အနီးမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဩဂုတ်လ(၂၂) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်ကို သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့တွက် ဒေသခံပြည်သူသိန်းနဲ့ချီဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.