မော်လမြိုင် ၊ သြဂုတ် (၂၄)

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း မိဘမဲ့ဂေဟာတွေနဲ့ ပရဟိတကျောင်းတွေမှာ အသားဟင်း မကျွေးနိုင်တော့သလို နို့မှုန့်အစား ဆန်ပြုတ်နဲ့ ထမင်းရည်ကိုသာ တိုက်ကျွေးနေရတယ်လို့ ကျောင်းတည်ထောင်သူ ဆရာတော်တွေက မိန့်ဆိုပါတယ်။

မိဘမဲ့ဂေဟာတွေနဲ့ ပရဟိတကျောင်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း အလှူရှင် နည်းပါးလာတာနဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် ကလေးတွေကို နေ့စဉ် ကျွေးမွေးနိုင်ဖို့ပင် မနည်းကြိုးပမ်းနေရပါတယ်။

မိဘမဲ့ဂေဟာတွေနဲ့ ပရဟိတကျောင်းတွေက မွေးကင်စ မိဘမဲ့ ကလေးငယ်တွေကို ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် နို့မှုန့်အစား ဆန်ပြုတ်နဲ့ ထမင်းရည် ရောတိုက်နေရတယ်လို့ ပရဟိတ မိဘမဲ့ကျောင်း တည်ထောင်သူ ဆရာတော် တစ်ပါးက မိန့်ကြားပါတယ်။

“အလှူရှင်တွေကလည်း အရင်တုန်းကထက် (၂)ဆလောက်တော့ လျော့သွားတာပေါ့၊ အခုလောလောဆယ် ဦးဇင်တို့မှာက ပုံမှန် ဆွမ်းကပ် အလှူရှင်တောင်မှ ကလေးတွေကို ထမင်းကျွေးတဲ့ အလှူရှင်တောင်မှ ရှားသွားပြီးပေါ့၊ အရင်တုန်းက ဆိုရင်တောင်မှ အသားပုံမှန် ကျွေးနိုင်တယ်ပေါ့၊ အခုကတော့ အသားဟင်း ပုံမှန် မကျွေးနိုင်တော့ဘူး၊ အသီးအရွက်တွေ ဘာတွေနဲ့ အဲ့လိုမျိုးနဲ့ ကျွေးရတာပေါ့၊ အခုကတော့ နို့စို့ကလေးတွေ ဆိုရင် နို့မှုန့်ဆိုရင် ဒီမှာ အခုလောလောဆယ် ဦးဇင်တို့ ဒီမှာ ဆန်ပြုတ် ထမင်းရည် ရောတိုက်လာရတဲ့ အဆင့် ဖြစ်လာတာပေါ့နော်၊ ခက်ခဲမှုကတော့ နို့စို့ကလေး သေးသေးလေးတွေရဲ့ ခက်ခဲမှုပေါ့နော်”လို့ မိန့်ကြားပါတယ်။

စားဝတ်နေရေး အခက်အခဲကြောင့် လာရောက် အပ်နှံတဲ့ မိဘမဲ့ ကလေးအသစ်တွေကိုလည်း လက်ခံ စောင့်ရှောက်နိုင်တာ မရှိတော့သလို ရှိပြီးသား ကလေးတွေကိုလည်း နေ့စဉ် ကျွေးမွေးနိုင်အောင် ရုန်းကန်းနေရတာ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော် တစ်ပါးကလည်း စစ်တပ် အာဏာသိမ်းပြီးနောက် ကလေးတွေကို အသားဟင်း မကျွေးနိုင်တော့သလို အသားဟင်းနေရာမှာ ပဲပြုတ်နဲ့ ငပိရည်တွေကို အစားထိုး ကျွေးမွေးရပြီး အစားအသောက်ကလည်း ရှားပါးလာတယ်လို့ မိန့်ဆိုပါတယ်။

“ အရင်တုန်းက တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ်လောက် အသားဟင်း ကျွေးနိုင်တယ်။ အခုနောက်ပိုင်းမှာတော့ အသားပါချင်မှ ပါတော့တယ်။ ပဲပြုတ်နဲ့ ငါးပိရည်ပေါ့။ ပုံမှန်သွားနိုင်အောင်ပဲ ကြိုးစားနေရတာပေါ့” လို့ ဆိုပါတယ်။လက်ရှိမှာတော့ မိဘမဲ့ဂေဟာတွေနဲ့ ပရဟိတကျောင်းတွေမှာ ကလေးတွေရဲ့ စားဝတ်နေရေးနဲ့ ပညာရေးတွေကို အဓိက ဦးစားပေး ဖြေရှင်းနေရတာကြောင့် အရင်လို ကလေးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုပါ ပုံမှန် ဆောင်ရွက် ပေးနိုင်တာ မရှိတော့ဘူးလို့ ဆိုပါတယ်။

ကလေးတွေရဲ့ ပညာရေး အပိုင်းမှာလည်း ထောက်ပံ့မှု တချို့ ရရှိပေမယ့် တစ်နှစ်စာလုံး အတွက် စာအုပ်တွေ လိုအပ်မှု ရှိနေသလို စာသင်ကြားတဲ့ ဆရာ ဆရာမတွေ အနေနဲ့လည်း ထောက်ပံ့ကြေး ပုံမှန် မရတဲ့ အတွက် အခက်အခဲ ဖြစ်နေရတယ်လို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်က မိန့်ကြားပါတယ်။

အခုလို အခြေအနေတွေကြောင့် မိဘမဲ့ဂေဟာတွေနဲ့ ပရဟိတကျောင်းတွေက ကလေးငယ်တွေဟာ အာဟာရ ချို့တဲ့မှုကို ရင်ဆိုင်နေရလာသလို တချို့ကလေးငယ်တွေဆိုရင် နားမကျန်းတာတွေ ပိုမိုဖြစ်ပေါ်လာကြပါတယ်။

မိဘမဲ့ဂေဟာတွေနဲ့ ပရဟိတကျောင်းတည်ထောင်သူ ဆရာတော်တွေကတော့ ဒီအခြေအနေအတိုင်သား ဆက်လက် ရင်ဆိုင်နေရမယ်ဆိုရင် ဂေဟာတွေနဲ့ ပရဟိတကျောင်းတွေ ယာယီ ပိတ်သိမ်းရတဲ့ အခြေအနေထိ ဖြစ်ပေါ်လာနိုင်တယ်လို့ မိန့်ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရှဒေါင်ရွာမှာ ဖွင့်လှစ်ထားသည့် မေတ္တာပျိုးခင်း မိဘမဲ့ဂေဟာမှ ကလေးငယ်တွေကို ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက်နေ့တွင် တွေ့ရစဥ် ( RFA)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.