မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ပြည်သူများအား PDF အကြမ်းဖက်သမားများမှ ကျေးရွာအတွင်း နေထိုင်းခြင်းမပြုရန် ခြိမ်းခြောက်” ဆိုတဲ့ သတင်းနဲ့ဓါတ်ပုံတွေကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သြဂုတ်လ(၂၃)ရက်နေ့မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် အကောင်တုတွေဖြစ်တဲ့ Kyaw Swar, Ko Thet new, မှိုင်းဝေ တယ်လီဂရမ် ချန်နယ်လင့်တွေက ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ရေးသား ဖြန့်ဝေမှုမှာတော့ “ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ပြည်သူများအား PDF အကြမ်းဖက်သမားများမှ ကျေးရွာအတွင်း နေထိုင်းခြင်းမပြုရန် ခြိမ်းခြောက်သည့်အတွက် ပြည်သူများ ကျေးရွာအတွင်းမှ ထွက်ခွာပေးနေရကြောင်းသိရ” ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်က စိစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဖြစ်စဥ်အမှန်ကတော့ပေါက်မြို့နယ် ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေက ဆက်တိုက်မီးရှို့နေတာကြောင့် တိမ်းရှောင်နေကြရတဲ့ ဒေသခံတွေရဲ့ ပုံတွေကိုသုံးပြီး PDF တို့က ခြိမ်းခြောက်သယောင် လုပ်ကြံသတင်းရေးထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံတွေကို ယုံကြည်ရတဲ့ သတင်းဌာတွေက ဖော်ပြမှုတွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်တဲ့အခါ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားများက ရွာ ၅ ရွာကို မီးရှို့သွားတဲ့အကြောင်း Myanmar Nowက ရေးသားဖော်ပြပါတယ်။

အင်အား ၃၀၀ ခန့်ရှိ ပခုက္ကူ ခြေလျင်ခြေမြန်တပ်ရင်း ၁၀၁ မှ စစ်ကြောင်းများက ဝင်ရောက်မီးရှို့ခဲ့ခြင်း ဖြစ်တယ်လို့ Myanmar Now ရဲ့ ရေးသားချက်အရ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် စသိန်းရွာကို ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့ကြတယ်လို့ BBCသတင်းဌာနကလည်း ဖော်ပြပါတယ်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

ခေတ်သစ်သတင်းဌာန ဖော်ပြမှု – https://bit.ly/3KbfIEh

Myanmar Now သတင်းဌာနရဲ့ ဖော်ပြမှု – https://bit.ly/3Khty8g

BBC သတင်းဌာန ဖော်ပြမှု – https://bit.ly/3PGDiJZ

ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ “ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ပြည်သူများအား PDF အကြမ်းဖက်သမားများမှ ကျေးရွာအတွင်း နေထိုင်းခြင်းမပြုရန် ခြိမ်းခြောက်” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့် သတင်းသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.