မော်လမြိုင်- ဩဂုတ်(၂၃)

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံစီးပွားရေးကျဆင်းခြင်း၊ ငွေကြေးဖောင်းပွခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းအပြင် မွန်ပြည်နယ်အတွင်း ပစ္စည်းခိုးယူမှုကဲ့သို့သော ဒုစရိုက်မှုတွေ အဖြစ်များလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက မော်လမြိုင်၊ ပေါင်၊ သထုံစတဲ့ မြို့နယ် အများစုမှာ ခိုးယူ၊ လုယက်မှုတွေဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ “နေရာတိုင်းသောင်းကျန်းတာ ဘယ်နေရာမလွတ်ဘူး တစ်ချို့အိမ်တွေဆို အားလုံးကို ခိုးသွားတာ” လို့ ပစ္စည်း ခိုးယူခံခဲ့ရတဲ့ မော်လမြိုင် ဒေသခံက ပြောပါတယ်။

အဲ့ဒီဒေသခံဟာ ယခုလအတွင်း တန်ဖိုး သိန်း ၃၀ ခန့်ရှိတဲ့ လက်ဝတ်ရတနာ အခိုးခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပေါင်၊ သထုံ၊ မော်လမြိုင် မြို့နယ်တွေမှာလဲ ယခုလအတွင်းမှာ ဆိုင်ကယ်ခိုးမှု အမှုပေါင်း ၁၀ မှု ထက်မနည်း ရှိခဲ့သလို နေအိမ်တက်ခိုးမှုတွေလဲ ဖြစ်ပေါ်နေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရပါတယ်။

ပေါင်မြို့နယ်တစ်မြိုနယ်တည်းမှာ ဒီနှစ် ဇန်နဝါရီလကနေ ဩဂုတ်လကုန်ပိုင်းထိ ခိုးဆိုးလုယက်မှုပေါင်း ၄၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယခု ဩဂုတ်လ တတိယပတ် အထိမှာပဲ ခိုးမှု ၁ဝ မှုကျော်ရှိနေတယ်လို့ မြို့မရဲစခန်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီလို ဒုစရိုက်မှုတွေဖြစ်ပေါ်နေပေမယ့်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်တာ မရှိဘူးလို့ ဒေသခံတွေက ဝေဖန်ပါတယ်။

“ရဲတွေက ဒီခိုးမှုတွေထက်ကို PDF တွေကိုပဲ ရှာဖွေဖမ်းစီးတာ ပိုအသားပေးလုပ်တယ် သူတို့ကိုယ်တိုင်လဲ မလုံခြုံဘူး ပြည်သူတွေကိုလဲ လုံခြုံအောင် သူတို့ မလုပ်ပေးနိုင်ဘူး ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က လက်ကျန် ၆ လအတွင်းမှာ စီးပွားရေး ဦးမော့လာအောင် လုပ်ဆောင်မယ်လို့ ဆိုးထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း သုည အောက်မှာသာရှိမယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ကမ္ဘာ့ဘဏ်က နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ရာမှာ မြန်မာစီးပွားရေး အခြေအနေကို မခန့်မှန်းနိုင်တော့ဘူးလို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၂၁၀၀ ကျပ်လို့ သတ်မှတ်ထားပေမယ့် ပြင်ပပေါက်စျေးမှာ ၂,၈၀၀ ကျပ်မှ ကျပ် ၃,၀၀၀ ကျော်အထိ ရှိနေပါတယ်။

ငွေကြေးဖောင်းပွလာခြင်းနဲ့အတူ အခြေခံစားသောက်ကုန် ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိနေပါတယ်။

ဒီအခြေအနေမှာ တိုင်းပြည်အတွင်း မငြိမ်မှုများနဲ့အတူ ဒုစရိုက်မှုများ ပေါများလာတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဓားနဲ့ထိုးသတ်ပြီး လက်ဝတ်ရတနာ လုယူသွားတဲ့ ဖြစ်စဥ်ပုံ( CJ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.