မြဝတီ ၊ သြဂုတ် (၂၃)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်း တောနော်ရေတံခွန်အနီးမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ မြဝတီခရိုင် လူမှုကူညီရေးအသင်းကား ပစ်ခတ်ခံခဲ့ရတယ်လို့ အသင်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြဝတီဘက်ကနေ ဘားအံဘက်ကို အရေးပေါ် လူနာတင်လာပြီး ဆင်းလာတဲ့ လူမှုကူညီရေးအသင်းကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်နဲ့ လှမ်းပစ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် လူမှုကယ်ဆယ်ရေးကား သေနတ်တစ်ချက်ထိမှန်ခဲ့ပေမယ့် ယာဉ်မောင်းနဲ့လူနာ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။

“ပစ်တာက ၁၀ ချက်လောက်ရှိတယ်။ ဒါပေမယ့် တစ်ချက်ပဲ ကားဘေးကို လာထိတယ်။ ကားကတော့ ကျည်ပေါက်သွားတယ်။ ကားမှာလဲ လူနာတင်ယာဉ် အမှတ်အသား၊ တံဆိပ်၊ မီးတန်း အကုန်ပါတယ်။ ဒါကို လှမ်းပစ်တာ”လို့ အသင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

အခုလို လူနာတင်ယာဉ်တွေကိုပါ ပစ်မှတ်ထား ပစ်ခတ်လာမှုတွေ ဆက်တိုက်ဖြစ်လာပါက ဒေသတွင်း အရေးပေါ်လူနာတွေကို ဆေးရုံဆေးခန်းပို့ဆောင်ဖို့ ရေရှည်မှာ အခက်ခဲရှိလာနိုင်တယ်လို့ ဆိုပါတယ်။

မြဝတီ-ကော့ကရိတ်အာရှလမ်းပေါ်မှာ ခရီးသည်တင်ယာဉ်၊ ကုန်တင်ကားတွေနဲ့ဆီသယ်ယာဉ်တွေ မကြာခဏ ပစ်ခတ်ခံနေရပြီး လူသေဆုံးမှုတွေထိ ရှိနေခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.