စစ်တွေ – ဩဂုတ်(၂၃)

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် တို့ကြား စစ်ရေးတင်းမာနေတဲ့အတွက် စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နေရာတွေမှာ သွားလာတာမပြုလုပ်ကြဖို့ ရက္ခိုင့်အမျိုးသားများ အဖွဲ့ချုပ် က သတိပေးထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်သူလူထုကို ဖိနှိပ်ဖို့အတွက် မြို့နယ်တချို့မှာ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်ထားသလို မောင်တောမြို့နယ်မှာ ည(၁၀) နာရီကနေ မနက်(၅) နာရီအထိ မထွက် ရအမိန့်ကို ထုတ်ပြန်ထားတာပါ။

အခုလို စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်ကြောင့် ကုန်းလမ်းရေလမ်း ကုန်သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးကိစ္စရပ်တွေအတွက် မောင်တောမြို့နယ်မှာ နေထိုင်တဲ့ပြည်သူတွေဟာ အခက်အခဲ တွေဖြစ်ပေါ်နေသလို ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်တပ်က ရခိုင်ပြည်နယ်မှာ စစ်ရေးပြင်ဆင်မှု လက်နက်ခဲယမ်း စစ်အင်အား တိုးချဲ့ တာတွေ လုပ်ဆောင်နေသလို စစ်ဆင်ရေးပြုလုပ်မယ့် အရိပ်အယောင်တွေ တွေ့လာရတယ်လို့ ရက္ခိုင့် အမျိုးသားများအဖွဲ့ချုပ်က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၁၃) ရက်နေ့က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၇) ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထား တာရှိပါ တယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တွေ(AA) တို့ကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတာနဲ့အတူ တိုက်ပွဲတွေပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်တပ်၊နယ်ခြားစောင့်တပ်ဖွဲ့တွေအခြေပြုထားတဲ့ နေရာ၊ဂိတ်စခန်းချထားတဲ့ နေရာတွေနဲ့ သူတို့နဲ့ နီးကပ်တဲ့ နေရာတွေကို သွားလာတာမပြုလုပ်ကြဖို့နဲ့ အရေးပေါ် ကိစ္စ သေရေး ရှင်ရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စတွေကလွဲပြီး သွားလာတာ မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.