မော်လမြိုင်၊ ဩဂုတ်၊ (၂၃)

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက် ဆံတော်ရှင်ဘုရားကို သွယ်တန်းထားတဲ့ 11 KV လျှပ်စစ်မီးကြိုးတွေ မီးပြတ်နေစဉ်မှာ ဖြုတ်ယူခိုးခံခဲ့ရတယ်လို့ ဂေါပကအဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဩဂုတ်လ ၂၁ ရက်ညပိုင်း မီးပြတ်နေစဉ်မှာ မီတိုင် ၄ တိုင်စာ အရှည်ပေ ၈၀၀ နီးပါးရှိတဲ့ ၂ ချောင်းလိုင်း ကေဘယ်တွေကို ခိုးယူသွားတာဖြစ်ပါတယ်။

“ဘုရားမှာ မီးမလာလို့ အပြစ်လိုက်ရှာတာတော့မှ ကြိုးပျောက်သွားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ဇင်းကျိုက် ဆံတော်ရှင် တောင်တက်လမ်း နဂါးဥစေတီအနီးမှာ အခိုးခံရတာဖြစ်ပြီး ဒီ လျှပ်စစ်ကြိုးတွေရဲ့ တန်ဖိုးဟာ သိန်း ၃၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့ လျှပ်စစ်ကစ္စည်း ရောင်းဝယ်ရေး ဆိုင်တွေကနေ စုံစမ်း သိရှိရပါတယ်။

ဒီမီးလိုင်းကြိုးဟာ ဇင်းကျိုက်ဆံတော်ရှင်နဲ့ ဗားမဲ့ကုန်း ဘုန်းကြီးကျောင်းအတွက် သီးသန့်သွယ်တန်းထားတာ ဖြစ်ပါတယ်။

လျှပ်စစ်မီးကြိုးတွေကို ဖြုတ်ခိုးသွားတာကြောင့် ဗားမဲ့ကုန်းပေါ်မှာရှိတဲ့ တောရကျောင်း ၁၀ ကျောင်း မှာ သီတင်းသုံးနေတဲ့ သံဃာတွေနဲ့ တရားအားထုတ်သူတွေ ရေနဲ့ လျှပ်စစ်မီး ၂ ရက်ကြာမရဘဲ အခက်အခဲဖြစ်နေပါတယ်။

ဇင်းကျိုက် ဆံတော်ရှင်ဘုရား ဂေါပကအဖွဲ့ဝင်တွေကတော့ လျှပ်စစ်မီးပြန်လည်ရရှိရေး ကြိုးစားနေဆဲဖြစ်တယ်လို့ ဩဂုတ်လ ၂၃ ရက် နေ့လယ်ပိုင်းမှာ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့စီးပွားရေး ကျဆင်းလာတာကြောင့် ခိုးယူ၊ လုယက်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။

ပေါင်မြို့နယ်မှာ ဒီနှစ် ဇန်နဝါရီလကနေ ဩဂုတ်လကုန်ပိုင်းထိ ခိုးဆိုးလုယက်မှုပေါင်း ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး ဩဂုတ်လအတွင်းမှာပဲ ၁ဝ မှုကျော်ဖြစ်ပွားခဲ့တယ်လို့ မြို့မ ရဲစခန်းနဲ့နီးစပ်တွေထံမှ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

2828

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.