တနင်္သာရီ ၊ သြဂုတ် (၂၃)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာအနီး တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ပေါင်းစုက PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တုန်းက ကော့မပြင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တောင်ပိုင်းသူရဲကောင်းများ အင်အားစု(S.W.D.F)၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့အပါအဝင် ဒေသကာကွယ်ရေးတပ်ပေါင်းစုတို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ပေါင်းစုက PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်က အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ပိုင်းသူရဲကောင်းများ အင်အားစု(S.W.D.F)တာဝန်ရှိသူတစ်ဦးကတော့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်းနဲ့ လတ်တလောမှာ အခြေအနေ ပြန်လည် တည်ငြိမ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကော့မပြင်းကျေးရွာကနေ သိန္နောကျေးရွာဘက်ကို တပ်ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတချို့ကို ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်သွားတာပါ။

ကော့မပြင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ စစ်ကောင်စီဘက်က တပ်ပြန်ဆုတ်သွားခဲ့ပေမယ့် လက်ရှိအချိန်ထိ နေရပ်မရဲကြသေးဘူးလို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းနီပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.