မော်လမြိုင် ၊ သြဂုတ် (၂၀)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ဆန်ဈေးနှုန်း ၂ ဆ ကျော် မြင့်တက်လာတယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆန်ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၃၂၀၀၀ ကနေ ကျပ် ၆၅၀၀၀ ကျော်ထိ မြင့်တက်လာသလို ဧည့်မထဆန်ကြမ်းကလည်း တစ်အိတ်ကို ကျပ် ၂၅၀၀၀ ကနေ ကျပ် ၄၅၀၀၀ လောက်ထိ ဈေးနှုန်း မြင့်တက်လာလာတာပါ။

စစ်တပ် အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေး သွင်းအားစုတွေ ဈေးနှုန်းကြီးမြင့်လာတာ၊ သယ်ယူပို့ဆောင်ရေး စရိတ်နဲ့အထွေထွေ ကုန်ကျစရိတ် အဆမတန် မြင့်တက်နေတဲ့အတွက်ကြောင့် ဆန်ဈေးနှုန်းပါ မြင့်တက်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လက်ကျန်စပါး နည်းပါလာတဲ့အတွက် စပါးဈေးနှုန်း ဆက်လက် မြင့်တက်လာပြီးနောက် ဆန်ဈေးနှုန်းလည်း လိုက်တက်လာတာ ဖြစ်တယ်လို့ ဆန်းရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“စပါးဈေးက မဆင်းဘူး၊ ကမာဝက်ဆို စပါးဈေး သိန်း(၂၀)ထိတဲ့၊ ကမာဝက်ကနေ ဒီစက် အရောက်ဆို သိန်း(၂၀)ကျော်သွားတယ်၊ သိန်း(၂၀)နဲ့(၆)သောင်းလောက် ရှိတယ်၊ ဒါပေမယ့် အခုဝယ်တဲ့ ဈေးဆို ပြန်ရောင်း ရမယ်ဆိုရင်တော့လည်း အများကြီး သွားတယ်၊ ဒီလယ်သမားမှာကျတော့ စပါးသိပ်မရှိဘူး၊ ဒီရန်ကုန်သမားတို့ တချို့ သူဌေးတွေပဲ ဝယ်ထားတယ်၊ အဲ့ဒီမှာ ထောင်နဲ့ သောင်းနဲ့ ရှိချင် ရှိတာပေါ့နော်၊ လယ်သမားမှာတော့ မရှိဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စပါး ကြိတ်ခွဲရာမှာလည်း လျှပ်စစ်မီး ပုံမှန် မရရှိတဲ့ အတွက် စက်သုံးဆီကိုသာ အဓိက အသုံးပြု နေရတာကြောင့် စက်သုံးဆီ လိုသလောက် ဝယ်ယူလို့ မရတဲ့ အခက်အခဲနဲ့ ဈေးနှုန်း ကြီးမြင့်မှုကိုလည်း လုပ်ငန်းရှင်တွေက ရင်ဆိုင်နေရပါတယ်။

ပြည်တွင်းဆန်ဈေးကွက်မှာတော့ ဆန်ဈေးနှုန်း ဆက်လက် မြင့်တက်နေတဲ့အတွက် ဝယ်ယူစုဆောင်းသူ မရှိသလောက်နည်းပါးလာပြီးနောက် အရောင်းအဝယ် အေးနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဟာ စပါးဧက ၇ သိန်းကျော် ရှိတဲ့ ပြည်နယ်တစ်ခု ဖြစ်ပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိနေတာပါ။

ထွက်ရှိလာတဲ့ စပါးတွေကိုတော့ ကြိတ်ခွဲပြီး တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.