ဒီမော့ဆို ၊ ဩဂုတ်(၁၉)

ကရင်နီပြည်နယ် ဒီမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း(၂)ခုမှာ စားနပ်ရိက္ခာလုံးဝ ပြတ်လပ်သွားတဲ့အတွက် အလှူရှင်တွေလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ဘေးရှောင် တစ်သိန်း ကျော်ရှိတဲ့ ဒီမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းနှစ်ခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ရိက္ခာလုံးဝပြတ်လပ် သွားတာပါ။

ကရင်နီဒေသက ပျမ်းမျှ စစ်ရှောင်စခန်း(၅) ခုမှာ (၂) ခုက လုံးဝရိက္ခာပြတ်လပ်နေပြီး ကျန်တဲ့စခန်းတွေမှာလဲ စားနပ်ရိက္ခာ မလုံလောက်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

“ ကျွန်တော်တို့မှာ ရိက္ခာပြတ်သွားပြီးလို့ စာရင်းတင်လာတဲ့ စခန်း (၂)ခုရှိတယ်။ ပျှမ်းမျှစခန်း ငါးခုမှ နှစ်ခုက ရိက္ခာပြတ်နေတယ်။ ကျန်တဲ့စခန်းတွေက လာမယ့် တစ်ပတ် နှစ်ပတ်အတွင်း စားသောက်ပြီးရင် ရိက္ခာပြတ်တော့မယ့် အနေအထားမှာ ရှိတယ်” လို့ ဆိုပါတယ်။

အခြေခံစားနပ်ရိက္ခာ အပါအဝင် ဆေးဝါး၊အဝတ်အထည်၊ မိုးဒဏ်လေဒဏ်ကာကွယ်တဲ့ ပစ္စည်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို စစ်ရှောင်တွေက အရေးပေါ် လိုအပ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းတွေကို အရင်က NGO အဖွဲ့အစည်းတချို့ ထောက်ပံ့တာတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် အထောက်အပံ့ ပြတ်တောက်ခဲ့တာ (၂)လခန့်ရှိပြီး ဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာလုံးဝပြတ်လပ်သွားလို့ နေရပ်မှာ ပြန်ရိက္ခာယူတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခံခဲ့ရတာတွေရှိသလို ဒေသခံတွေရဲ့ နေအိမ်တွေမှာ ထောင်ထားခဲ့တဲ့ မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။

ရိက္ခာပြတ်လပ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေဟာ ကရင်နီပြည်နယ် မှာ အကြီးဆုံးဖြစ်ပြီး ပြည်နယ်တွင်းက စစ်ဘေးရှောင် အားလုံးရဲ့ (၇၅) ရာခိုင်နှုန်းခန့် ခိုလှုံနေတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူ (၂) သိန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.