ဂန့်ဂေါ ၊ ဩဂုတ်(၂၀)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ အင်အား(၇၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီပူးပေါင်း စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၆) ဦးသေဆုံးခဲ့ပြီး (၁၀) ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကိုပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီရှေ့ပြေးကင်းထောက်တက်လာတဲ့ စစ်ကြောင်းကို ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နောက်က တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက စက်သေနတ်တွေနဲ့ အဆက်မပြတ် ပစ်ခတ် ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာလာရတယ်လို့ သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က စစ်ကောင်စီကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ယောဒေသကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က ကျည်ဆံတွေနဲ့ ထွက်ပြေးလာတဲ့ ရဲတပ်သားတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးရမိထားပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် နွားကျောင်းသားတစ်ဦး လက်နက်ကြီး ထိမှတ်သေဆုံးခဲ့တဲ့အပြင် ဝါးခုတ်သွားတဲ့ ခေါက်ခူရွာက သာအဖနှစ်ဦးကိုလည်း စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မကွေး၊စစ်ကိုင်း၊ကရင်နီ၊ကရင်နဲ့ ချင်းပြည်နယ်တွေကို မြေပြင်သာလွန်အင်အားတွေနဲ့ စစ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ သလို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ကို ပြီးခဲ့တဲ့ ဇူလိုင်လတည်းက စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူ တစ်သိန်းနီးပါး ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ယောဒေသ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.