ဖာပွန် ၊ သြဂုတ် (၁၉)

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းရှိ တပ်စခန်းတွေကို စစ်ကောင်စီတပ်က တပ်အင်အားနဲ့ရိက္ခာတွေ ထပ်မံဖြည့်တင်လာတာကြောင့် နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ကေအဲန်ယူသတင်းအရင်းအမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ပထမအပတ်ကစပြီး ဖာပွန်ခရိုင်ထဲက တပ်စခန်းတွေကို တပ်အင်အားနဲ့ ရိက္ခာတွေ ထပ်မံ ဖြည့်တင်းလာပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လာတာပါ။

စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်BGF တပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ စဉ်ဆက်မပြတ် ဆောင်ရွက်နေတဲ့အတွက် KNLA တပ်မဟာ ၅ လက်အောက်ခံတပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် (၁) ရက်နေ့က (၁၅)ရက်နေ့အထိ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ တပ်တို့အကြား ထိတွေ့တိုက်ပွဲပေါင်း(၅၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က(၄၃)ဦးသေဆုံးခဲ့သလို (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲတွေမှာ KNLA တပ်မဟာ ၅ ဘက်ကတော့ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီနဲ့ BGF တပ်က ပြည်သူလူထုရဲ့ လယ်ယာလုပ်ငန်းခွင်နဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံအရပ်သား(၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာနဲ့ လယ်ယာလုပ်ငန်းခွင်ထဲကို စစ်ကောင်စီတပ်နဲ့ BGF တပ်တွေက လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သားပြည်သူတွေဟာ နေရပ်ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ဦးရေလည်း တိုးများလာနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောကြပါတယ်။

ဖာပွန်ခရိုင်ထဲမှာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်ပြည်သူ ၉၆၀၀၀ ကျော်ထိ ရှိလာပြီး စစ်ရှောင်ဦးရေ တိုးများလာတဲ့အတွက် စားနပ်ရိက္ခာမလုံလောက်တဲ့ ပြသနာတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.