ရန်ကုန် ၊ သြဂုတ် (၁၉)

မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ လူမှုကွန်ရက် Facebook ကို ပိတ်ပြီး လူမှုကွန်ရက်မီဒီယာတစ်ခု အစားထိုး တည်ဆောက်သွားဖို့ ကြိုးပမ်းနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၁၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလာတာပါ။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက Facebook မှာ အမျိုးသားရေးအပါအဝင် စစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖြုတ်ချခံနေရတဲ့အတွက် လူမှုကွန်ရက် မီဒီယာတစ်ခု တည်ဆောက်သွားဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ITနည်းပညာရှင် တစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ Facebook သုံးစွဲခွင့်ကို မဖြစ်မနေ ပိတ်ပင်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ Facebook အစား လူမှုကွန်ရက်မီဒီယာတစ်ခုကို အခုကတည်းက ပြောင်းလဲကျင့်သုံးထားဖို့ တိုက်တွန်းပါတယ်။

“ Facebook က စစ်ကောင်စီအတွက် အန္တာရယ် ရှိတယ်ပေါ့။ သူတို့ကို အမြဲတမ်း ပြဿနာရှာနေတယ်။ ဒါကြောင့် သူတို့အတွက် ပြဿနာရှိနေတဲ့အရာကို ရှင်းထုတ်ဖို့ အလားအလာ ရှိတယ်လို့ ကျွန်တော်ယူဆတယ်။ ပြည်သူတွေအနေနဲ့ အခြားသော mediun တစ်ခုခုကို ပြောင်းထားနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ကြိုပြီး သုံးထားသင့်တယ်လို့တော့ ကျွန်တော် ယူဆတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အခုအခါမှာတော့ Facebook နေရာမှာ အစားထိုးဖို့အတွက် လူမှုကွန်ရက်မီဒီယာတစ်ခုကို ဝန်ကြီးဌာန သုံးခုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ Facebook အသုံးပြုခွင့် ကန့်သတ်ထားပြီး ပြည်သူတွေကတော့ VPN ခံပြီး သုံးစွဲနေကြတာပါ။

ပြည်သူတစ်ဦးကလည်း စစ်ကောင်စီက Facebook သုံးစွဲခွင့် ပိတ်ပင်လာမယ်ဆိုရင်လည်း ပြည်သူတွေအနေနဲ့ ရတဲ့နည်းလမ်းတွေနဲ့ သုံးစွဲလာနိုင်တယ်လို့ ပြောပါတယ်။

“ ကျော်မယ့်ခွမယ့် နည်းလမ်းတွေတော့ ပေါ်လာမှာပါပဲ။ အဲ့ဒီလို နည်းလမ်းတွေနဲ့ပဲ facebook ကို သုံးစွဲလာနိုင်တယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

ITနည်းပညာရှင်တွေအဆိုအရ စစ်ကောင်စီဟာ သူတို့ တည်ထောင်နေတဲ့ လူမှုကွန်ရက် မီဒီယာတစ်ခု ပေါ်ပေါက်လာမယ်ဆိုရင် မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူလာနိုင်သလို သူတို့ တည်ဆောက်ထားတဲ့ လူမှုကွန်ရက်မီဒီယာတွေကို မဖြစ်မနေ သုံးစွဲကြဖို့ ညွှန်ကြားလာနိုင်တယ်လို့ ဆိုကြပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ Facebook ကနေ သူတို့ရဲ့ လုပ်ရပ်တွေကို ဝေဖန်ရေးသားတာ၊ အမျိုးသားညီညွတ်ရေးအစိုးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ခံသူတွေကို ခြေရာခံဖမ်းဆီးတာတွေလည်း လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.