နေပြည်တော် – ဩဂုတ်(၁၉)

အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်စီးပွားရေးကျဆင်းလာပြီး တပ်တွင်းပြိုကွဲမှုတွေ ရှိလာချိန်မှာ စစ်ကောင်စီဝန်ကြီးနေရာအတွေကို အပြောင်းအလဲလုပ်ပြီး ဗဟိုဘဏ်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးနဲ့ လဝကဝန်ကြီးတွေကို ရာထူးကထုတ်ပယ်လိုက်ပါတယ်။

စစ်ကောင်စီ စာရင်းစစ်ချုပ်ဒေါက်တာကံဇော်ကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်င့ခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးအဖြစ်ခန့်အပ်လိုက်ပြီး အလုပ်သမားဝန်ကြီး ဦးမြင့်ကြိုင်ကို တော့ လဝက ဝန်ကြီးအဖြစ် ပြောင်းလဲလိုက်ကာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာပွင့်ဆန်းကို အလုပ်သမား ဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်လိုက်တာ တွေ့ရပါတယ်။

ဒါ့အပြင် ဦးသန်းဆွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖြစ်တာဝန်ပေးခဲ့သလို ဦးတင်ဦးကို ပြည်ထောင်စုစာရင်းစစ်ချုပ်နဲ့ ဒေါက်တာ မောင်မောင်နိုင်ကို ပြည်ထောင်စု ရာထူးဝန် အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခိုင်းလိုက်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဌအဖြစ် ဦးတင်ဦးလွင်ဆို သူကို ခန့်အပ်ထားပါတယ်။

စစ်ကောင်စီအသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ဝန်ကြီးစာရင်းမှာ ရဲချုပ်ဟောင်းနဲ့ ဝန်ကြီးဟောင်းဖြစ်သူ ဦးခင်ရီ၊ အစိုးရအဖွဲ့ရုံးဝန်ကြီးချစ်နိုင်(စိတ်ပညာ)၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဥက္ကဌ ဦးသန်းညိန်းနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဝင်းသော် တို့ကို တာဝန် ကအနားယူခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ကောင်စီရဲ့ ရာထူးအပြောင်းအလဲတွေဟာ ပြိုကွဲဖို့ အစပြုတာဖြစ်ပြီး အဖွဲ့အစည်းထဲမှာ အားပြိုင်မှုတွေရှိနေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.