မော်လမြိုင် – ဩဂုတ်(၁၉)

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်နဲ့ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးတွေကို ရာထူးက ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထဲရေးနဲ့ လဝက ဝန်ကြီးဌာနက ဩဂုတ်လ(၁၈) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဒေါက်တိုင်တွေဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးနဲ့ ခရိုင် အုပ်ချုပ်ရေးမှူး အဆင့်ထိတာဝန်ထမ်းဆောင်နေတဲ့သူတွေကို ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက် တာပါ။

ဒါပေမယ့် စစ်ကောင်စီရဲ့ အုပ်ချပ်ရေး၊စစ်ရေးဆိုင်ရာ သတင်းတွေကို လျို့ဝှက်ပေးပို့တာ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ငွေကြေးနဲ့ တခြားအထောက်အပံ့တွေပေးတာနဲ့ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနဲ့ ချိတ်ဆက်ပြီး အကူအညီအထောက်အပံ့တွေပေးနေတဲ့ ပြည်သူ့ဘက်တော်သား ဝန်ထမ်း တွေကိုတော့ ထုတ်ပယ်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ပြည်သူ့ဘက်တော်သားဝန်ထမ်းတွေရဲ့ ရဲရင့်တဲ့စိတ်ဓာတ်နဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေ မှုတွေအပေါ်အသိအမှတ်ပြုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်/တိုင်းဒေသကြီး ပြည်နယ် နေပြည်တော် ကောင်စီအုပ်ချုပ်ရေးမှူးတွေကို အမည်ပျက်စာရင်းကြေညာပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ် ထားပါတယ်။

လက်ရှိမှာတော့ ရန်ကုန်အပါအဝင် ဒေသအသီးသီးက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြောက်ကျားတပ်ဖွဲ့တွေက ရှင်းလင်းတာတွေလုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.