သထုံ ၊ သြဂုတ် (၁၈)

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲကျော်ထိ ရှိလာပြီး လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေတွေအတွင်းမှာ တိုက်ပွဲတွေနေ့စဉ်နဲ့အမျှ ဖြစ်ပေါ်လာတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတာပါ။

ကေအဲန်ယူအုပ်ချုပ်နယ်မြေ ခရိုင်တွေအတွင်းရှိ အတည်ပြုရရှိတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ သထုံခရိုင်မှာ ၉၄၀၀၀ ကျော်၊ တောင်ငူခရိုင်မှာ ၇၆၀၀ နီးပါး၊ ညောင်လေးပင်ခရိုင်မှာ ၆၀၀၀၀ ကျော်၊ ဘိတ်−ထားဝယ်ခရိုင်မှာ ၆၀၀၀ နီးပါး၊ မူတြော်ခရိုင်မှာ ၉၆၀၀၀ ကျော်၊ ဒူးပလာယာခရိုင်မှာ ၉၀၀၀၀ ကျော်၊ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၃၅၆၀၀၀ ကျော်ထိရှိလာပြီး စာရင်းကောက်ခံဖို့ကျန်နေတဲ့ စစ်ဘေးရှောင်အရေအတွက်လည်း ကျန်ရှိနေသေးတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေး လိုအပ်ချက်တွေကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ကနေ သက်ဆိုင်ရာအခန်းကဏ္ဍတွေအလိုက် တာဝန်ယူစီစဉ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဖြစ်ကြတဲ့ KNLA၊ KNDOတပ်တွေဟာ စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ပွဲတွေကို နေ့စဉ်ရင်ဆိုင်တိုက်ခိုက်နေရပြီး စစ်ရေးကုန်ကျစာရိတ်တွေနဲ့ စစ်ရေးလိုအပ်ချက်တွေကို စီစဉ်ဆောင်ရွက်နေရတဲ့အပြင် စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေအတွက်လည်း တပြိုင်တည်း စီစဉ်ဆောင်ရွက်နေရတယ်လို့ ကေအဲန်ယူက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူဦးရေ များပြားလာတာကြောင့် လိုအပ်ချက်တွေ အများအပြားလိုအပ်လျက်ရှိသလို အဲ့ဒီအထဲမှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေအတွက် အမိုးအကာတွေ အများအပြားလိုအပ်လျက်ရှိနေပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ဖြစ်စေ အဖွဲ့အစည်းအလိုက်အနေနဲ့ဖြစ်စေ စစ်ဘေးရှောင်ပြည်သူလူထုတွေ လိုအပ်လျက်ရှိနေတဲ့ အကူအညီပေးလိုတဲ့ ဘယ်ပုဂ္ဂိုလ်အဖွဲ့အစည်းမဆို ကရင်အမျိုးသားအစည်းအရုံး(KNU)က လက်ကမ်းကြိုဆိုလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.