သံဖြူဇရပ် ၊ သြဂုတ် (၁၈)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့လယ်ခေါင်က စစ်ကောင်စီ မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF ရဲဘော် တစ်ဦး ကျဆုံးသွားတယ်လို့ သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ မြို့မရဲစခန်းကို သြဂုတ် ၁၇ ရက်နေ့ ည ၈ နာရီလောက်မှာ သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ လာရောက်ပြီး လက်ပစ်ဗုံး အပါအဝင် သေနတ်တွေနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး PDF ရဲဘော် တစ်ဦး ကျဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မြို့မရဲစခန်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက လူမှုကယ်ဆယ်ရေးကားတွေနဲ့ ဆေးရုံသို့ ပို့ဆောင်ထားပြီး နောက်ဆုံးအခြေအနေကိုတော့ မသိရသေးပါဘူး။

မြို့မရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က မြို့အဝင်အထွက် လမ်းတွေကို ချက်ချင်း ပိတ်ဆို့ခဲ့ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သံဖြူဇရပ်မြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲစခန်း အပါအဝင် လက်အောက်ခံ ဌာနဆိုင်ရုံးတွေနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.