ကိုလံဘို – ဩဂုတ်(၁၈) 

သီရိလင်္ကာနိုင်ငံမှာ အခြေအနေတွေတည်ငြိမ်နေပြီဖြစ်တဲ့အတွက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု တွေကို ထိန်းချုပ်ဖို့ ထုတ်ပြန်ထားတဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေကို သက်တမ်းတိုးမှာ  မဟုတ်ဘူးလို့ သမ္မတရုံးက ဩဂုတ်လ(၁၆) ရက်နေ့က ပြောဆိုထားပါတယ်။ 

အစားအသောက် လောင်စာဆီနဲ့ ဆေးဝါ ပြတ်လပ်မှုတွေကြောင့် လအတန်ကြာ ဆန္ဒထုတ်ဖော် မှုတွေ ဖြစ်ပွားပြီး သမ္မတဟောင်းက ပြီးခဲ့တဲ့ ဇူလိုင်လ(၁၄) ရက်နေ့မှာ ရာထူးက နှုတ်ထွက်ခဲ့ပြီး သမ္မတသစ် ရာမ်နေဗစ်ကရာမာစင်ဂါဟာ ပြင်းထန်တဲ့ ဥပဒေတွေကို ထုတ်ပြန်ခဲ့တာပါ။ 

ဗစ်ကရာမာစင်ဂါ ချမှတ်ထားတဲ့ အရေးပေါ်အခြေအနေဟာ ကြာသပတေးနေ့မှာ ကုန်ဆုံးမှာ ဖြစ်ပြီး သူဟာ လစဉ်သက်တမ်းတိုးဖို့ အခွင့်အာဏာရှိသူဖြစ်ပါတယ်။ 

“တိုင်းပြည်ရဲ့အခြေအနေက တည်ငြိမ်သွားပြီ၊ ဒီသီတင်းပတ်ကုန်သွားတဲ့အခါ အရေးပေါ်အခြေ အနေ ပြန်ပြဌာန်းဖို့ မလိုအပ်ပါဘူး” လို့သူ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သမ္မတရုံးက ထုတ်ပြန် ထားပါတယ်။ 

အရေးပေါ်အခြေအနေပြဌာန်းချက်က စည်းမျဉ်းစည်းကမ်းတွေဟာ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက သံသယရှိသူတွေကို ကြာရှည်စွာ ဖမ်းဆီးထိန်းသိမ်းထားဖို့ ခွင့်ပြုပေးထားတာပါ။ 

လူ့အခွင့်အရေးအဖွဲ့တွေက အရေးပေါ်အခြေအနေကြေညာမှုဟာ သမ္မတကို စည်းမျဉ်းတွေ ချမှတ်ဖို့ နဲ့ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်တာမရှိပဲ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့် တွေကို ကန့်သတ်ခွင့်ပြုတဲ့ ပြင်းထန်လွန်းတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

နိုင်ငံရဲ့ (၂၂) သန်းသော ပြည်သူတွေဟာ အရေးကြီးတဲ့ သွင်းကုန်တွေနဲ့ ငွေကြေးထောက်ပံ့ဖို့ နိုင်ငံခြားငွေပြတ်လပ်သွားတဲ့နောက် ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကစပြီး မရှိမဖြစ်လိုအပ်တဲ့ အခြေခံ ပစ္စည်းတွေ ပြတ်လပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်ခဲ့ကြရတာပါ။ 

သီရိလင်္ကာနိုင်ငံဟာ ပြီးခဲ့တဲ့ ဧပြီလလယ်မှာ သူတို့ရဲ့ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ(၅၁) ဘီလျံကို ပြန်ဆပ်ဖို့ ပျက်ကွက်ခဲ့သလို အရေးပေါ်ထောက်ပံ့ကယ်ဆယ်ရေးအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။ 

လက်ရှိသီရိလင်္ကာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း(၆၀.၈) ရာခိုင်နှုန်းနဲ့ ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာအတွက် ကုန်ကျစရိတ်ဖောင်းပွမှုမှာ ပြီးခဲ့တဲ့လက (၉၀.၉) ရာခိုင်နှုန်းအထိ ပိုမို မြင့်မားလာခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.