ထားဝယ် ၊ သြဂုတ် (၁၇)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောဘက်ဒေသရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Eastern Defense Force EDF ကနေ တာဝေးပစ် ၄၀ မမ နဲ့ ၆၀ မမ လက်နက်ကြီးတွေ ထုတ်လုပ်နိုင်ပြီးလို့ သြဂုတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၄၀ မမ နဲ့ ၆၀ မမ လက်နက်ကြီးတွေ ထုတ်လုပ်ဖို့ အချိန်အတိုင်းအတာ တစ်ခုထိ အချိန်ယူခဲ့ရပြီး အခုအခါမှာတော့ လက်နက်ပြောင်းနဲ့ လက်နက်ကြီးကျည်တွေကိုပါ စမ်းသပ်ထုတ်လုပ်မှု အောင်မြင်ခဲ့တာပါ။

လက်နက်ကြီးတွေကို အန္တရာယ်ကင်းစွာနဲ့ ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် နောက်ပိုင်းတိုက်ပွဲတွေမှာ စစ်ကောင်စီကို အတိုင်းအတာ တစ်ခုထိ ခုခံလာနိုင်မယ်လို့ Eastern Defense Force EDF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

Eastern Defense Force EDF အနေနဲ့ လက်နက်ကြီးတွေကို ထပ်မံ ထုတ်လုပ်သွားဖို့ ပြင်ဆင်ထားပြီး ရရှိလာတဲ့ လက်နက်ကြီးတွေကို မိတ်ဖက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံကိုပါ ပြန်လည်မျှဝေပေးသွားဖို့ စီစဉ်ထားတာပါ။

ဒါပေမယ့် လက်နက်ကြီး ထုတ်လုပ်ရာမှာ စက်သုံးဆီ၊ ယမ်းနဲ့ ကုန်ကြမ်းပစ္စည်း အခက်အခဲ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တက်နိုင်တဲ့ဘက်က ပါဝင်လှူဒါန်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

Eastern Defense Force EDF ကာကွယ်ရေးအဖွဲ့ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါးကို သုတ်သင်နိုင်ခဲ့သလို လက်နက် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.