ရန်ကုန် – ဩဂုတ်(၁၇)

ရန်ကုန်မြို့မှာ ဩဂုတ်လ(၁၆) ရက်နေ့ ညကစပြီး ဒီနေ့ ဩဂုတ်လ(၁၇) ရက်နေ့ မနက်ပိုင်းအထိ မိုးအဆက်မပြတ်ရွာနေတဲ့အတွက် မြို့တွင်းအနိမ့်ပိုင်းမြို့နယ်တွေနဲ့ ဆင်ခြေဖုံးမြို့နယ်အများစုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ကားလမ်းမပေါ်တွေအထိရေတက်နေလို့ YBS ယာဉ်လိုင်းတချို့ ထွက်မရတော့တဲ့အတွက် အလုပ် သွားသူတချို့လည်း အိမ်ပြန်လှည့်ခဲ့ရသလို စက်ရုံတွေထဲထိ ရေတွေဝင်လာလို့ အလုပ်သမား တွေကို အိမ်ပြန်ခိုင်းရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

“ရန်ကုန်နေရာအနှံ့ရေကြီးနေတာ မနေ့ညတည်းက မိုးကောင်းနေတာလေ ခုထိရွာတုန်း။ ဒီနေ့မနက် အလုပ်သွားတော့ လမ်းတဝက်က လှည့်ပြန်လာရတယ်။ ရေကပေါင်လောက်ရောက်နေတာဆိုတော့ ဆက်သွားလို့မရတော့ဘူး။ ကားတွေလည်း မထွက်တော့ဘူး” လို့ ရွေေပြည်သာမြို့နယ်မှာ နေသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ နေအိမ်တွေထဲကို ရေတွေဝင်နေပြီး မိုးဆက်ရွာရင် အခြေအနေပိုဆိုးလာ ဖို့ရှိနေတယ်လို့ သူကပြောပါသေးတယ်။ ရန်ကုန်မြို့အတွင်းက လူနေထူထပ်တဲ့ ဆင်ခြေဖုံး မြို့တွေဖြစ်တဲ့ တာမွေ၊မင်္ဂတောင်ညွန့်၊သာကေတ၊ မြောက်ဒဂုံ၊တောင်ဒဂုံ၊သင်္ဃန်းကျွန်း၊လှိုင်သာယာ၊ ဗဟန်း၊မြောက်ဥက္ကလာ၊တောင်ဥက္ကလာ၊မရမ်း ကုန်းနဲ့ ရွှေပြည်သာမြို့တို့အပါအဝင် မြို့နယ်အများစုမှာ ရေကြီးနေပြီး ဒီနေ့ နေ့လည်ပိုင်းအထိ ရေပြန်မကျသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တော်စည်ပင်က ရေစီးရေလာကောင်းအောင် ထိထိရောက်ရောက်လုပ်ဆောင်တာတွေမရှိတော့တဲ့အတွက် မိုးကြီးချိန်မှာ ရေကြီးတာတွေဖြစ်နေတာ လို့ မြောက်ဥက္ကလာပမြို့နယ်နေသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသား ချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန က ဩဂုတ်လ(၁၇) ရက်နေ့အတွက် မိုးလေဝသ ခန့်မှန်းချက် သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.