ရန်ကုန် ၊ သြဂုတ် (၁၇)

ရန်ကုန်သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတင်သင်္ဘောတွေ ဝင်ရောက်နေပေမယ့် စစ်ကောင်စီရဲ့ ခွဲတမ်းစနစ်ကြောင့် ဆီရရှိမှု ကြာန့်ကြာနေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံတဝန်းမှာ ဩဂုတ် ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ ဒေါ်လာငွေ ထိန်းချုပ်မှုနဲ့အတူ ခွဲတမ်းစနစ်ကြောင့် စက်သုံးဆီ ပြတ်လပ်မှု ပြဿနာနဲ့ ရင်ဆိုင်နေရသလို ပြည်သူတွေအများစုကလည်း ဆီရရှိဖို့အတွက် အချိန်ကုန်ခံ စောင်းဆိုင် ဝယ်ယူနေရတာပါ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်သုံးဆီတင် သင်္ဘောတွေဟာ ဩဂုတ် ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ ရန်ကုန် သီလဝါဆိပ်ကမ်းကို ဝင်ရောက် ဆိုက်ကပ်လာပြီး ဆီဂါလန် ၁၃ သိန်းနီးပါး ချပေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီဘက်က ဆီချပေးရာမှာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့ကို ဦးစားပေးစနစ်နဲ့ ဆောင်ရွက်နေတာကြောင့် တိုင်းနဲ့ပြည်နယ်တချို့မှာ ဆီရရှိဖို့ အခက်ကြုံနေရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“သီလဝါမှာ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ရတယ်ဆိုတော့ အခုက တစ်ပြည်နယ်၊ နှစ်ပြည်နယ် ပြတ်နေတာ မဟုတ်ဘူး။မြန်မာတစ်နိုင်ငံလုံ အနေအထားနဲ့ဆိုတော့ သူတို့က ခွဲတမ်းကို အလှည့်ကျပေးရတယ်ဆိုတော့ တစ်နေ့တစ်နေ့ကို ကားထောင်နဲ့ ချီပြီး ဦးစားပေးအနေနဲ့ ရန်ကုန်၊နေပြည်တော်၊ မန္တလေးရယ် ၊ အဲဒီတိုင်း သုံးတိုင်းကို ဦးစားပေး။ကျန်တာက တစ်ခြားပြည်နယ်နဲ့ တိုင်းကိုတော့ ဒုတိယအဆင့်။အဲဒီလိုမျိုး ဆိုတော့ လွယ်လင့်သကူ အဆင်မပြေကြသေးဘူး။လိမ့်ပတ် မလည်သေးဘူး။အဲဒီလို ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီကတော့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ တစ်ဆင့် စက်သုံးဆီတွေကို ဩဂုတ် လကုန်ပိုင်းအထိ ပြည့်စုံလုံလောက်စွာ တင်သွင်းဖြန့်ဖြူးထားပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် စက်သုံးဆီအရောင်းဆိုင်တွေက ရောင်းချမှုတွေ ရပ်တန့်ထားတာ၊ အကန့်အသတ်နဲ့ ရောင်းချတာတွေကို တွေ့ရှိရင် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် တိုင်ကြားနိုင်တယ်လို့ ကြေညာထားတာပါ။

စက်သုံးဆီအရောင်းဆိုင် တာဝန်ခံ တစ်ဦးကလည်း စစ်ကောင်စီဘက်က စက်သုံးဆီ လုံလောက် ရောင်းချပေးနေတယ်လို့ ပြောဆိုပေမယ့် ဆီဆိုင်တွေမှာ ရောင်းစရာ ဆီမရှိတာကြောင့် ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“ ဆိုင်တွေမှာတော့ လက်ရှိ ဆီတွေ ဝင်တာ ဝင်သလောက်ကို ရောင်းပေးနေပါတယ်။ဆိုင်မှာ ဝင်တဲ့ဆီကို ဆီရှိလျက်သားနဲ့ မရောင်းတဲ့ဆိုင်တွေ အရေးယူခံထိမှာပေါ့နော်။သူတို့ရဲ့ ဌာနဆိုင်ရာအဖွဲ့တွေက အမြဲတမ်း စစ်ဆေးရေးတွေ ဝင်နေတယ်။ဒါပေမယ့် ဆီရှိပြီးတော့ မရောင်းတဲ့ဆိုင်တွေပဲ အရေးယူထိမယ်။အခုလက်ရှိ ပြတ်နေတာက တကယ်တမ်း ဆိုင်တွေမှာ ဆီမရှိလို့ ပြတ်နေတာလေ၊ဆီဝင်ရင်တော့ သူတို့ ဆိုင်တိုင်းရောင်းမှာပဲ။ဆီရှိပြီး မရောင်းတဲ့ ဆိုင် မရှိပါဘူး”လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ စက်သုံးဆီလိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကိုသာ ပြည်တွင်းကနေ ထုတ်လုပ်နိုင်တာဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းနီးပါးကို ပြည်ပကနေ တင်သွင်း အသုံးပြုနေရတာ ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေဟာ ဩဂုတ် ၁၀ ရက်နေ့ကစပြီး ဒီကနေ့ထိ ဈေးတွေ ဆက်တိုက် ထိုးတက်လာသလို လက်ရှိမှာလည်း အောက့်တိန်း 92 ဓာတ်ဆီတစ်လီတာကို ကျပ် ၂၄၀၀ ကျော်ထိ ဈေးနှုန်း ဆက်လက် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်သူတွေကတော့ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ လိုသလောက် ဝယ်ယူလို့ မရတာအပြင် ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက် စက်သုံးဆီပြဿနာကို အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.