ကိုင်ရို – ဩဂုတ်(၁၆) 

အီဂျစ်နိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ လျှပ်စစ်ကတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ချိန် ထိတ်လန့်ပြေးလွှားမှုတွေကြောင့် အနည်းဆုံးလူ(၄၁) ဦးသေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ ကလေးငယ် အများဆုံးပါဝင်ခဲ့တယ်လို့ သိရပါတယ်။ 

လူ(၁၀၀၀) လောက်စုဝေးနိုင်တဲ့ ဂီဇာမြို့က အဘူဆီဖင် ဘုရားကျောင်းမှာ မီးတောက် တွေဟာ အခင်းဖြစ်ပွားတဲ့ နေ့ မနက် (၉) နာရီလောက်ကစပြီး ထွက်ပေါ်လာခဲ့တာပါ။ 

မီးလန့်မှုကြောင့် ဘုရားကျောင်းဝင်ပေါက်မှာ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး လူစု ဝေးမှာ အထိတ်တလန့် ပြေးလွှားမှုကို ဖြစ်ပေါ်စေခဲ့သလို ကလေးငယ်အများစု သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေ က ပြောဆိုထားပါတယ်။ 

“လူတွေက တတိယထပ်နဲ့  စတုတ္ထထပ်မှာ စု‌ဝေးနေကြ ချိန်မှာ ဒုတိယအထပ်ကနေ မီးခိုးတွေတက်လာတာ တွေ့ခဲ့ကြတယ်။ အဲ့တော့ လူတွေက လှေကား တလျှောက် အောက်ထပ်ကို ဆင်းပြေးဖို့ လုပ်ကြတဲ့အချိန်မှာ တစ်ဦးပေါ် တစ်ဦးထပ်ပြီး ပြုတ်ကျ ကုန်တော့တာပဲ” လို့ ဘုရားကျောင်းတွင် ဆုတောင်းသူတစ်ဦးက ပြောခဲ့ပါတယ်။  

အီဂျစ်မှာ လျပ်စစ်က တဆင့် မီးလောင်မှုဖြစ်ပွားတာဟာ ရှားပါးဖြစ်စဉ်မဟုတ်ပဲ ၂၀၂၀ ခုနှစ်အတွင်း ဆေးရုံတစ်ရုံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု တစ်ခုမှာလည်း ကိုဗစ်လူနာ အနည်းဆုံး (၇) ဦးသေဆုံးထားပါတယ်။ 

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အသေးစိတ်စစ်ဆေးချက်တွေအရ မီးလောင်မှုဟာ ဘုရားကျောင်းရဲ့ ဒုတိယအထပ် လေအေးပေးစက်က လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုက တဆင့် ပေါ်ထွက်လာခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

အစိုးရအဖွဲ့ ထုတ်ပြန်ချက်မှာတော့ မီးခိုးမွန်မှုဟာ သေဆုံးမှုရဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး သေဆုံးသူတွေနဲ့ သက်ဆိုင်တဲ့ မိသားစုဝင်တွေကို အီဂျစ်ငွေ (၁) သိန်းပေးအပ်သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.