မော်လမြိုင် – ဩဂုတ်(၁၆)

အာဏာသိမ်းစစ်ကောင်စီဘက်က ဇူလိုင်လ(၆) ရက်ကနေ့ ဩဂုတ်လ(၆) ရက်နေ့ အထိ သေဆုံးသူ (၂၁၅၁) ဦး အထိရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူ့ခုခံ တော်လှန်စစ်ရဲ့ စစ်ရေးသတင်း အချက်အလက်တွေကို ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် မတရားဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်လုပ်ရပ်တွေကို နေ့စဉ်ကျူးလွန်လုပ်ဆောင်နေရာ ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်မှုကာကွယ်ပိုင်ခွင့် အရ ပြည်သူ့ခုခံတော်လှန်စစ်ကို မလွဲမရှောင် ဆင်နွဲနေကြရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးပေါ်အခြေအနေထုတ်ကြေညာချက်ထုတ်ပြန်ပြီး ကာလ (၇.၇.၂၀၂၂) မှ (၆.၈.၂၀၂၂) အထိ (၁) လတာအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်က သေဆုံးသူ (၂၁၅၁) ဦး နဲ့ ထိခိုက်သူ (၆၈၃) ဦး အထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ရန်ကုန်တိုင်းမှာ ဗုံးပေါက်ကွဲမှုမှာ (၇၄) ကြိမ် နဲ့ အများဆုံးဖြစ်ခဲ့ပြီး ကရင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားမှု(၂၁၉) ကြိမ်နဲ့ တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ အခြေစိုက်တဲ့ နေပြည်တော်မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိပဲ ဗုံးပေါက်ကွဲမှု (၁) ကြိမ်နဲ့ အနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေ ပြီး အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူဘက်ကို ရဲရဲဝံံ့ဝံ့ ရပ်တည်လာကြတဲ့ စစ်သား CDM နဲ့ ရဲ CDM တွေလည်း နေ့စဉ်များလာနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.