ရေး ၊ သြဂုတ် (၁၆)

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဩဂုတ်လ ဒုတိယပတ်ကပြီး လုံခြုံရေးကြောင့် စာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်နေတဲ့ ကျောင်းသူ၊ကျောင်းသား မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ မြို့မရဲစခန်းအပါအဝင် စည်ပင်ရုံး၊မြို့နယ်လဝကရုံးနဲ့ အုပ်ချုပ်ရေးမှူးတွေကို လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက မကြာခဏ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့မှာ ရေးမြို့နယ် လဝကရုံးကို ရေးဘီးလူအဖွဲ့က လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒုမြို့နယ်လဝကမှူး အပါအဝင် သုံးဦး သေဆုံးပြီးနောက် ကျောင်းသားမိဘအများစုက ကလေးတွေကို ကျောင်းမပို့တော့တာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သပ်ပြီး ရေးမြို့ခံ တစ်ဦးက အခုလိုပဲ ပြောပါတယ်။“ကျောင်းကပိတ်တာ မဟုတ်ဘူး၊ကြောက်ပြီးတော့ မတက်ရဲကြတာ။အခုဆိုရင် တစ်ပတ်ကျော်ပြီ၊ လဝက ရုံးဖြစ်စဉ် ပြီးကတည်းကပေါ့၊ ကျောင်းမတက်ရဲကြတော့တာ။အနည်းအကျဉ်းလောက်ပဲ တက်ကြတာ။ကျောင်းတွေ အားလုံးက ဖွင့်ထားတယ်၊ ကျောင်းတက်တဲ့ ကလေးက နည်းနည်းလေးပဲ ရှိတော့ ဆယ်ဂဏာန်းလောက်ပဲ ရှိတာပေါ့။ကျောင်းတိုင်းက ဖွင့်ထားတယ်။ဒါပေမယ့် ကျောင်းတက်တဲ့ ကလေးတွေ မရှိတာ။ကျောင်းကို ဝင်ပစ်မှာတို့ ဘာတို့ အဲဒီလိုမျိုး စိုးရိမ်တာ”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပထမအပတ်ကစပြီး ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း တည်ငြိမ်းရေးတို့အတွက် ဆိုပြီး ရေးမြို့နယ်မှာ ဒေသန္တရအမိန့်် ထုတ်ပြန်ထားသလို မြို့တွင်း ဖြတ်သန်းသွားလာမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။

စစ်ကောင်စီရဲ့ တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေအပြင် လုံခြုံရေး အခြေအနေကြောင့် ကျောင်းတွေ ဖွင့်ထားပေမယ့် ကျောင်းတက်သူ မရှိသလောက် နည်းပါးနေပြီး စာသင်ကျောင်းတွေမှာတော့ စစ်တပ် မိသားစု အသိုင်းအဝိုင်းက ကျောင်းသူ၊ကျောင်းသား အနည်းငယ်သာ ကျောင်းလာတက်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ရွာမှာတော့ ကျောင်းမပိတ်လောက်ဘူး၊ ကျောင်းဖွင့်တယ်။အခုက ကလေးတွေ ကျောင်းတက်တာ သိပ်မတွေ့တော့ဘူး၊ နည်းနည်းပဲ ရှိတော့တယ်။ကျောင်းတော့ ဖွင့်တယ်၊စစ်တပ်က ကလေးတွေ လာတက်နေတယ်။ ရွာက ကလေးတွေတော့ သိပ်မတက်ဖြစ်ဘူး”လို့ သူက ဆိုပါတယ်။

ရေးမြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်မယ့်ကလေးတွေ မရှိတာနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်၊ ပညာရေးမှူးရုံးကို မေးမြန်းဖို့ သံလွင်တိုင်းမ်က ဆက်သွယ်ရာမှာတော့ ပြည်နယ်အစိုးရက သတ်မှတ်ထားတဲ့ သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်တို့က ပြောရေးဆိုခွင့်ရှိသူတွေကိုသာ မေးမြန်းဖို့ အကြောင်းပြန်ပါတယ်။

ဒါကြောင့် ရေးမြို့နယ်အတွင်းက စာသင်ကျောင်း ဘယ်နှစ်ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းတက်မယ့် ကလေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေးမြို့မှာ လုံခြုံရေးတင်းကြပ်ထားသလို မြို့အဝင်အထွက်တွေမှာလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.