မော်လမြိုင် ၊ သြဂုတ် (၁၆)

မွန်ပြည်နယ်အတွင်းက စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်ပြီးနောက် ဝယ်ယူဖို့ အခက်အခဲရှိလာတဲ့အတွက် အသေးစား၊ အလတ်စား SME လုပ်ငန်းတွေ စတင် ရပ်နားလာကြတယ်လို့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသေးစား၊ အလတ်စား SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း လျှပ်စစ်မီး မမှန်တာနဲ့ စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်လာပြီးနောက် ဝယ်ယူလို့ မရတဲ့ အခက်အခဲကြောင့် လုပ်ငန်းတွေ ရပ်နားလာကြတာ ဖြစ်ပါတယ်။

SME လုပ်ငန်းရှင် တစ်ဦးက စက်သုံးဆီ လိုသလောက် ဝယ်ယူလို့ မရတာအပြင် ဈေးနှုန်း အဆမတန် မြင့်တက် နေတာကြောင့် လုပ်ငန်းတွေ ယာယီရပ်နား ထားရတယ်လို့ ပြောပါတယ်။

“မီးကမလာ ဆီက မရှိဆိုတော့ အကုန်လုံး ဒုက္ခရောက်တာပေါ့၊ အကုန်လုံးက အဆင်မပြေဘူး၊ မီးကလည်း ဒီစက်မှုဇုန် ဧရိယာမှာ ပိုဆိုးတာပေါ့၊ အမှန်တကယ်က တခြားဘက်မှာ ပျက်ရင်တောင်မှ ဒီလုပ်ငန်း တကယ် လုပ်တဲ့ စက်မှုဇုန်ဘက်တွေတော့ မှန်သင့်တာပေါ့နော်၊ အမှန်တော့ ဒီဘက်မှာ အကုန်လုံး မီးစက်ကနှိုးရတယ်၊ နှိုးပြီးတော့ လုပ်ရတယ်ဆိုတော့ ပုံမှန်ထက်ကို တအားကုန်တယ်၊ နောက်ပြီး ဆီကလည် လိုချင်သလောက် မရဘူး၊ ပိုက်ဆံ ရှိတိုင်းလည်း မရဘူးဆိုတော့ တချို့ နည်းနည်းပေါ့ လုပ်ငန်းတောင် ခဏလေး ဘရိတ် ရမယ့် ပုံစံမျိုးတောင် ဖြစ်သွား ပြီးပေါ့နော်၊ တချို့ဆိုရင် လုပ်ငန်း ရပ်ဖို့ ထိတောင်မှ တော်တော်ကြီးကို ဆိုးဆိုးရွားရွား ဖြစ်ကုန်ပြီး ပေါ့နော်”လို့ ဆိုပါတယ်။

SME လုပ်ငန်းတွေဟာ စက်သုံးဆီတွေကို လိုသလောက် ဝယ်ယူလို့ မရတာ ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ဝယ်ယူနေတာ၊ တချို့ဆီဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းချပေးနေတဲ့အတွက် အခက်တွေ့နေကြတာ ဖြစ်ပါတယ်။

SME လုပ်ငန်းရှင် တစ်ဦးကတည်း စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း လျှပ်စစ်မီး မမှန်တာနဲ့ စက်သုံးဆီ ဝယ်ယူလို့ မရတဲ့ အခက်အခဲကြောင့် SME လုပ်ငန်းတွေအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

“စက်သုံးဆီ အခုတောင်မှ အိမ်မှာကျတော့ ပီပါနဲ့ မှာရင်တောင်မှ မှာလို့ မရဘူး ဖြစ်နေတယ်၊ မှာလို့မရဘူး ဆိုရင်လည်း ဒီလိုဘဲ ဆိုင်မှာ တန်းစီပြီး သွားဝယ်နေရတာပေါ့ ခက်ခဲတာပေါ့၊ လုပ်ငန်း လည်ပတ်ဖို့ ဆိုတာ ခက်ခဲတော့ ခက်ခဲ သွားတာပေါ့၊ ဈေးကတော့ မြင့်သွားတယ်၊ အခု မှာချင်တဲ့ အချိန်ဆိုလည်း မရနိုင်ဘူး၊ သူတို့မှာ ပေးမနိုင်ဘူး၊ အဲ့တာဆိုရင် ဒီမှာ အင်ဂျင် ဖွင့်ဖို့ အတွက်ဆိုရင် တန်းစီပြီး သွားဝယ်ရတယ်၊ အဲ့လို ခက်ခဲတယ်၊ ဈေးကတော့ အဆမတန် တက်တယ်ပေါ့၊ အလုပ်ရုံမှာကျတော့ တချက်နားထား လိုက်တယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီ အခက်အခဲကြောင့် အသေးစား၊ အလတ်စား SME လုပ်ငန်း ထက်ဝက်နီးပါး လုပ်ငန်းတွေ လျော့ချလာရသလို ရေရှည် ကြုံတွေ့ လာပါက လုပ်ငန်း အားလုံးနီးပါး ရပ်တန့် သွားနိုင်တယ်လို့ SME လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ အသေးစား၊ အလတ်စား SME လုပ်ငန်းပေါင်း ၂၀၀၀၀ ကျော် ရှိနေတာ ဖြစ်ပြီး အဲဒလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေတဲ့ အလုပ်သမား သိန်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းမှုကြောင့် လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့အတွက် အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.