မုဒုံ ၊ ဩဂုတ် ၁၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ ဩဂုတ် ၁၅ ရက်နေ့ ည ၁၀ နာရီခန့်မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် သစ်ပင်တွေ ပြိုလဲကျသွားတဲ့အတွက် အနီးအနားရှိ အဆောက်အဦးတစ်ခု ပျက်စီးသွားတယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
မုဒုံမြို့ရှိ ဝိဇယလမ်း၊ကျွန်းရွာလမ်းနဲ့ အခွန်လွတ်ဈေးလမ်းတို့မှာ သစ်ပင်တွေ ပြိုလဲခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် အိမ်ခေါင်မိုးတွေအပေါ် သစ်ပင်အကိုင်းအခက်တွေကြောင့် ပေါက်ပြဲတာတို့ ရှိတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ထိခိုက်မှုအခြေအနေက မရှိဘူး။အဆောက်အဦးအနည်းငယ် ပျက်စီးတာရယ်၊ ဓာတ်မီးတိုင်ကျိုးတာရယ် အဲဒီလောက်ပဲ ဖြစ်တာ။ဆိုင်ခန်းတစ်ခုတော့ ပျက်စီးသွားတယ်၊ ဆိုင်ခန်းဘေးက ဓာတ်မီးတိုင် ကျိုးသွားတာပေါ့။ထိခိုက်မှုရှိတဲ့အိမ်ခေါင်မိုးတွေ ပေါက်တာ၊ ပြဲတာ အဲဒီလောက်ထိပဲ ရှိတယ်”လို့ ဆိုပါတယ်။
ဒီကနေ့ ဩဂုတ် ၁၆ ရက်နေ့ မနက်ပိုင်းမှာလည်း မုဒုံမြို့နယ်မှာ မိုးတွေဆက်လက်ရွာသွန်းနေတာကြောင့် မုဒုံ-သံဖြူဇရပ်ကားလမ်းရေကျော်မှုတွေ ရှိနေသလို ကျေးရွာ၊ ရပ်ကွက်အချို့တွေမှာလည်း လမ်းပေါ် ရေကျော်တာတွေလည်း ရှိနေပါတယ်။
သတင်း- သံလွင်တိုင်းမ်