ဒီမော့ဆို ၊ သြဂုတ် (၁၆)

နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က တပ်အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အရင်ရှိပြီးသာ တပ်အင်အား ၂၀၀ နီးပါးအပြင် ထပ်တိုးရောက်ရှိလာတဲ့ တပ်အင်အား ၄၀၀ နီးပါး၊ စုစုပေါင်း တပ်အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့အတွက် ဒီးမော့ဆိုမြို့နယ် ဒေါခမီးကျေးရွာကို ရောက်ရှိလာတာပါ။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်နေကြပြီး အများစုကတော့ လုံခြုံးရေးအတွက် စိုးရိမ်နေရတယ်လို့ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ ညတိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေသလို ပြီးခဲ့တဲ့ ၁၄ ရက်နေ့ ညပိုင်းမှာလည်း ဒီမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ ဒီမော့ဆိုမြို့နယ်မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ဖို့အတွက် ကြိုးပမ်းနေသလို စစ်ရှောင်ပြည်သူတွေကိုလည်း နေရပ်ပြန်ကြဖို့ ဖိတ်ခေါ်နေတာပါ။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ ရင်းက စစ်ကောင်စီ အခြေချထားတဲ့ ဒီမော့ဆိုမြို့နယ်မှာ ပြန်လည်နေထိုင်နေတဲ့ ဒေသခံတွေ အမြန်ဆုံးထွက်ခွာပေးဖို့နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ နှစ်ဖက် တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ သိန်းကျော် ထွက်ပြေး တိမ်းရှောင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.