ယော – ဩဂုတ်(၁၅)

နှာယမ်းအပူလွန်ကဲပြီး မီးလောင်ခဲ့တာကြောင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ကျပ်သိန်း(၃၀၀) ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဆုံးရှုံးသွားခဲ့တယ်လို့ YPDF က သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၃၁) ရက်နေ့ ညပိုင်းက အပူလွန်ကဲကာ လက်နက်ခဲယမ်းဂိုဒေါင်မီးလောင်သွား ခဲ့တာဖြစ်ပြီး ရဲဘော်တွေကတော့ ထိခိုက်ဒဏ်ရာ ရရှိတာ မရှိခဲ့ပါဘူး။ “ကျွန်တော်တို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) ရဲ့ လက်နက်ခဲယမ်းဂိုဒေါင် ဇူလိုင်လ (၃၁) ရက်နေ့ ညပိုင်းက မီးလောင်ကျွမ်းသွားခဲ့ပါတယ်။ နှာယမ်းအပူလွန်ကဲရာကတဆင့် မီးလောင် ခဲ့တာပါ။ မီးလောင်မှုကြောင့် ရဲဘော်တွေ တစုံတရာ ထိခိုက်မှု မရှိခဲ့ပါဘူး” လို့ YPDF က ထုတ်ပြန် ထားပါတယ်။

မီးလောင်မှုကြောင့် ငွေသားကျပ်သိန်း(၄၀)၊ ဆက်သွယ်ရေးစက်တွေ၊ ဆိုင်ကယ်၊ လက်ပ်တော့၊ ဒိုင်နမို၊ ယမ်းအမျိုးမျိုးနဲ့ ခါးချိုးကျည်(၂၀၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့တာပါ။နောက်နောင်အလားတူဆုံးရှုံးမှုတွေ မဖြစ်စေဖို့ အထူးဂရုစိုက်ပြီး လုပ်ဆောင်မယ်လို့ ဆိုထားပြီး ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေ အစားထိုးဝယ်ယူနိုင်ဖို့အတွက် ထပ်မံလှူဒါန်းပေးကြဖို့ ယောဒေသ ပြည်သူ့ ကာကွယ်ရေးတပ် က ပြောဆိုထားပါတယ်။

ဒါ့အပြင် အများပြည်သူ လှူဒါန်းထားတဲ့ ငွေကြေးပစ္စည်းတွေ ဆုံးရှုံးသွားတဲ့အတွက် ပြည်သူတွေနဲ့ အလှူရှင်တွေကို YPDF က အနူးအညွတ်တောင်းပန်တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.