ကော့ကရိတ် – ဩဂုတ်(၁၅)

ကရင်ပြည်နယ်ကော့ကရိတ်မြို့က ကော့ကရိတ်ရဲစခန်းကို ဒီနေ့ ဩဂုတ်လ(၁၅) ရက်နေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်ပစ်ခတ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာမနက်(၁၀) နာရီခွဲလောက်ကဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် (၁၅) မိနစ်လောက်ရှိခဲ့ပြီး အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့သလို ထိခိုက်ဒဏ်ရာ ရရှိတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

“မြို့ထဲရဲစခန်းကို ဝင်ပစ်တာ အဲ့ဒီတစ်လျှောက်ပဲ မကြာပါဘူး။ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်ပဲ ပစ်တာ။ ဝင်ပစ်ပြီးပြန်ထွက်သွားတာ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒါ့အပြင် မြို့တွင်းရဲစခန်းနဲ့အတူ မြို့ပြင်ရဲစခန်းမှာ လည်း ပစ်ခတ်မှုတွေရှိခဲ့သေးတယ်လို့ သူက ပြောပါသေးတယ်။

လက်ရှိမှာတော့ ကော့ကရိတ်မြို့ပေါ်နဲ့ နေရာအနှံ့အပြားမှာ စစ်ကောင်စီက လမ်းတွေပိတ်ဆို့စစ်ဆေး ပြီးလုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေ အမြဲလိုလို တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

ကော့ကရိတ်မြို့ ကရဲစခန်းတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ သံလွင်တိုင်းမ်အနေနဲ့ စုံစမ်မှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.