ကော့ကရိတ်၊ သြဂုတ် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲမှာ စစ်ကောင်စီ ရဲမှူးအပါအဝင် ၁၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ် ၁၅ ရက်နေ့ မနက်(၁၀)နာရီအချိန်လောက်ကစပြီး ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေနဲ့ မြန်မာစီးပွားရေးဘဏ်ရှိ လုံခြုံရေးအဖွဲ့ကို နဂါးဖြူစစ်ကြောင်းအပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ရဲမှူး အပါအဝင် ၁၂ ဦးသေဆုံးပြီး၊ ဥပဒေအရာရှိ နဲ့ ရုံးလုပ်သား တစ်ဦးကို အရှင်ဖမ်းမိခဲ့ကာ သေနတ် ၆ လက်ပါ သိမ်းဆည်းရမိခဲ့တာပါ။ပူးပေါင်းအဖွဲ့က ဗိုလ်မှူးစောကျော်သက်ကတော့”ငါတို့နဲ့လာပူးပေါင်းရင် ဘာမှပြသနာမဖြစ်ဘူး။ နောက်မှာဆိုရင် ကျနော်တို့ဆီမှာ လာပူးပေါင်းပါ။ စကစနဲ့ မပေါင်းပါနဲ့လို့။ စကစနဲ့ပေါင်းလို့ရှိရင် နင်တို့ထပ်ပြီးတော့ဒုက္ခရောက်မယ်လို့ ကျနော်ကမှာကြားချင်တယ်ပေါ့။ စကစကို လုံးဝသွားမပေါင်းနဲ့။ စကစပေါင်းလို့ပေါင်းတဲ့လူတော့ ဒီလိုမျိုးပုံစံကြည့်လိုက်ပါ ဒီလိုမျိုးဖြစ်လာမှာပါ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကေအဲန်ယူထိန်းချုပ်ထားတဲ့ ကော့ကရိတ်မြို့အနီးမှာရှိတဲ့ ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့လို့ အရပ်သားတစ်ဦးထက်မနည်း ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.