မော်လမြိုင် ၊ သြဂုတ် (၁၄)

ပြည်တွင်းက မတ်ပဲနဲ့ ပဲစဉ်းငုံ လက်ကျန်တွေကို အိန္ဒိယနိုင်ငံက ဝယ်လိုအားမြင့်တက်လာတဲ့အတွက် မတ်ပဲနဲ့ ပဲစဉ်းငုံ ဈေးနှုန်း ဆက်လက်မြင့်တက်လာတယ်လို့ ပဲ၊နှမ်း ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံက မတ်ပဲ တန်ချိန် နှစ်သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် တစ်သိန်းတို့ကို လက်ရှိ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်ဆက်တိုက် နှစ်စဉ်ဝယ်ယူသွားမှာ ဖြစ်ကြောင်းနဲ့ ပဲတင်သွင်းခွင့်ကို အိန္ဒိယ ဆိပ်ကမ်း ငါးခုကနေ တင်သွင်းခွင့်ပြုမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်မှာ တရားဝင်ထုတ်ပြန်ထားတာပါ။

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံဟာ မတ်ပဲနဲ့ ပဲစဉ်းငုံတွေကို ပြီးခဲ့တဲ့ သြဂုတ် ပထမအပတ်ကစပြီး ဝယ်ယူလာတာ ဖြစ်ပါတယ်။

အိန္ဒိယက အဝယ်လိုက်လာတဲ့အတွက် သြဂုတ် ၁၃ ရက်နေ့မှာ မတ်ပဲ တစ်တန်ကို ကျပ် ၁၈ သိန်းခွဲကျော်ထိ ဈေးနှုန်း မြင့်တက်လာသလို ပဲစဉ်းငုံကလည်း တစ်တန်ကို ကျပ် ၁၉ သိန်းလောက်ထိ ဈေးနှုန်း မြင့်တက်လာတာပါ။

ပဲ၊နှမ်း ကုန်သည် တစ်ဦးကတော့ အိန္ဒိယအစိုးရက အရံပဲအတွက် ပဲဝယ်ယူစုဆောင်းမှုတွေ ရှိလာတာကြောင့် လာမယ့် လပိုင်းေတွေအတွင်း ပဲဈေးနှုန်း ထပ်မံ မြင့်တက်လာနိုင်တယ်လို့ သုံးသပ်တာပါ။

စစ်ကောင်စီဘက်က ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနဲ့ မြေပဲဆံတို့ကို ပြည်ပတင်ပို့ရာမှာ နယ်စပ်လမ်းကြောင်း ဒါမှမဟုတ် ပင်လယ်ရေလမ်းကြောင်းကနေဖြစ်စေ ဇူလိုင် ၁ ရက်နေ့ကစပြီး အမေရိကန်ဒေါ်လာ အသုံးပြု ကုန်သွယ်မှုနည်းလမ်းကိုသာ ပို့ကုန်လိုင်စင် ထုတ်ပေးမယ်လို့ ညွှန်ကြားထားပါတယ်။

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနဲ့ မြေပဲဆံတို့ကို ပြည်ပတင်ပို့ပြီးရင်လည်း ပို့ကုန်ရငွေ ဘဏ်စလစ် ပြနိုင်မှသာ နောက်တစ်ကြိမ် တင်ပို့ခွင့် ပြုမယ်လို့ ဆိုထားပါတယ်။

မွန်ပြည်နယ်မှာတော့ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးတဲ့ မတ်ပဲဟာ နှစ်စဉ် တန်ချိန် သောင်းနဲ့ချီ ထွက်ရှိနေတာဖြစ်ပြီး အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.