ရေး ၊ သြဂုတ် (၁၄)

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံတပ်တွေနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက PDF တွေ ရှိနိုင်တဲ့ နေရာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့ကစပြီး ရေးမြို့နယ်ရှိ ကနင်ကမော့၊ မော့ကနင်၊ လိမ္မော်ခြံ၊ အောင်သပြေ၊ ရွာသာအေး၊ ပိန္နဲတောကျေးရွာအပါအဝင် ရေး-သံဖြူဇရပ်ကားလမ်းဘေးက ကျေရွားတွေမှာ စစ်ကြောင်း ဝင်ရောက်လှုပ်ရှားဖို့ နေရာယူထားတာ ဖြစ်ပါတယ်။

ရေးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်ကတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေကြောင်း သတင်းရထားတဲ့အတွက် အခြေအနေကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို မဖြစ်မနေ လိုက်နာပေးဖို့နဲ့ လူသားဒိုင်ကာအဖြစ် ဖမ်းဆီးမခံရရေး ကြိုတင်ပြင်ဆင်ထားကြဖို့ ၄င်းက တိုက်တွန်းပါတယ်။

ရေးမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့အတွက် ဒေသခံတွေကတော့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

ရေးမြို့နယ်မှာတော့ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ လဝကရုံးကို ရေးဘီးလူအဖွဲ့က လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ဒုမြို့နယ်လဝကမှူး အပါအဝင် သုံးဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ရေးမြို့အတွင်း လုံခြုံရေး တင်းကြပ်ထားသလို ဌာနဆိုင်ရာရုံးတွေ ရှိနေတဲ့ လမ်းမတွေကိုလည်း ဖြတ်သန်းသွားခွင့် ကန့်သတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.