ညောင်လေးပင် ၊ သြဂုတ် (၁၄)

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဟာ မုန်းမြို့နယ် သစ်ချဆိပ်၊ နိုခိုထံ၊ ကျွဲလူးဒင်နဲ့ အောတဃောကျေးရွာတွေထဲ လက်နက်ကြီး ၁၅ ချက် ပစ်ခတ်ခဲ့သလို ဩဂုတ် ၁၀ ရက်နေ့ကလည်း ငလောက်တက်၊ နောင်ကုန်းနဲ့ ကျွဲလူးဒင်ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီး ၈ ချက် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရန်မျိုးအောင်နဲ့ နောင်ကုန်းကျေးရွာမှာ အခြေချပြီး အများပြည်သူသွားလာနေတဲ့ ကားလမ်းဘက်ကို လက်နက်ကြီး ၈ ချက်ပစ်ခတ်ခဲ့တာကြောင့် အနီးအနားရှိ ကျေးရွာနေပြည်သူလူထုတွေဟာ ထိန်လန့်ကြောက်ရွံ့ပြီး အခြားကျေးရွာဘက်ကို တိမ်းရှောင်နေကြရပါတယ်။

ဒေသခံကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေရပ်လာတဲ့ စစ်ရှောင်ပြည်သူတွေ ထပ်မံ ထွက်ပြေးနေရသလို အများစုက အမိုးအကာ မလုံလောက်တဲ့အတွက် ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ညောင်လေးပင်ခရိုင်မှာ လတ်တလော ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးထားပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် တချို့ကတော့ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်မှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.