ရန်ကုန် ၊ သြဂုတ် (၁၄)

အာဏာသိမ်း စစ်ကောင်စီ ကော်မရှင်က နိုင်ငံရေးပါတီတွေကို နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့် ကန့်သတ်မှုဟာ ဥပဒေနဲ့ မကိုက်ညီသလို နိုင်ငံရေးပါတီတွေရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ နိုင်ငံရေးပါတီတွေက ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်ဆိုရင် ကော်မရှင်ကို ကြိုတင် တင်ပြပြီး ခွင့်ပြုချက်ရမှသာ တွေ့ဆုံရမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ကော်မရှင် ခွင့်ပြုချက် မရရှိဘဲ နိုင်ငံရေးပါတီတွေက နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာဟာ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းနိုင်တဲ့အတွက် သတ်မှတ်ချက်နဲ့အညီ တင်ပြဖို့နဲ့ ကော်မရှင်ဘက်က သင့်လျော်တဲ့ အစီအမံနဲ့ စိစစ်ခွင့်ပြုပေးသွားမယ်လို့ ဆိုထားပါတယ်။

နိုင်ငံရေးပါတီတွေကို နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့် ကန့်သတ်မှုဟာ ဥပဒေနဲ့ မကိုက်ညီသလို နိုင်ငံရေးပါတီတွေရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဝေဖန်ပါတယ်။

“ဒါ သူတို့ ညွှန်ကြားချက် သက်သက်ပဲ ဖြစ်တယ်။ဒါ UEC ဥပဒေနဲ့လည်း မကိုက်ညီဘူး။နောက်တစ်ခု ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်တွေနဲ့လည်းပဲ ချိန်ညှိစရာအများကြီး ရှိပါသေးတယ်။ဆိုလိုတာကတော့ စစ်ကောင်စီအလိုကျ သူ့လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်လိုက်တဲ့ ညွှန်ကြားချက် အမိန့်ပဲ ဖြစ်တယ်။အဲဒါဟာ လက်ရှိ နိုင်ငံရေးပါတီတွေအနေနဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်လိုက်တဲ့ သဘောပေါ့။လုံးဝကို လူးသာလွန့်သာ မရှိတဲ့ ကန့်သတ်ချက်မျိုးလို့ပဲ ပြောလို့ရပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မဲစာရင်းမှားယွင်းမှုတွေ၊ မဲမသမာမှု ဖြစ်စဉ်တွေအပေါ် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးတွေ၊ နိုင်ငံတကာအဖွဲ့အစည်း (INGO) တွေနဲ့ သူတို့ထောက်ပံ့တဲ့ ပြည်တွင်းလူမှုအဖွဲ့အစည်း (CSO) တွေရဲ့ စွက်ဖက်မှုတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ပါတီနိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကတော့ နိုင်ငံရေးပါတီတွေကို နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့် ကန့်သတ်မှုဟာ ဒီမိုရေကရေစီနိုင်ငံရေးပါတီအတွက် မသင့်တော်ဘူးလို့ ပြောပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့က ခွင့်ပြုချက်တောင်းရမယ်ဆိုလို့ကတော့ ကျွန်တော်တို့နဲ့ သိပ်ပြီးတော့ အဆင်မပြေဘူး။အဲဒါကြောင့် တကယ်လို့ အစိုးရအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ လိုအပ်တယ်ဆိုလို့ရှိရင် အစကတည်းက နိုင်ငံရေးပါတီတွေနဲ့ တွေ့ခွင့်မပေးလိုက်နဲ့ပေါ့။အဲဒီလိုဆို သူတို့လည်း (နိုင်ငံတကာအဖွဲ့အစည်း၊ပုဂ္ဂိုလ်) ကျွန်တော်တို့ဆီ လာမတွေ့ဘူးလေ။အဲဒီလို လုပ်ရင် ရပါတယ်။အခုက တကူးတက နိုင်ငံရေးပါတီတွေကို အဲဒီလို ကန့်သတ်လိုက်တာဆိုတာက ကျွန်တော်တို့ ဒီမိုကရေစီ နိုင်ငံရေးပါတီအနေနဲ့ တော်တော်လေးကို သိပ်ပြီး မသင့်တော်ဘူးလို့ မြင်တာပေါ့ဗျာ”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စစ်ကောင်စီ ကော်မရှင်ရဲ့ ညွှန်ကြားစာမှာတော့ နိုင်ငံခြားတိုင်ပြည် တစ်ခုခုရဲ့ အစိုးရ ဒါမှမဟုတ် ဘာသာရေးအဖွဲ့အစည်းတွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တစ်ဦးဦးထံကနေ ငွေကြေး၊ ပစ္စည်း အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်လို့ဖြစ်စေ ရယူသုံးစွဲတာ ဒါမှမဟုတ် သူတို့ရဲ့ ဩဇာခံယူတာ မပြုရေးကို နိုင်ငံရေးပါတီတွေဘက်က စောင့်ထိန်းလိုက်နာဖို့ တာဝန်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေရဲ့ ရန်ပုံငွေ၊ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေကို စစ်ဆေးနေတာရှိပြီး နိုင်ငံရေးပါတီ ၈၅ ခု ကို စစ်ဆေးပြီးစီးကြောင်းနဲ့ စစ်ဆေးဖို့ ၇ ပါတီ ကျန်ရှိသေးတယ်လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကတော့ စစ်ကောင်စီပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပါတီစာရင်း စစ်ဆေးမှုတွေကို လက်ခံဆောင်ရွက်တာ မရှိပါဘူး။

စစ်ကောင်စီ ကော်မရှင်ကတော့ မှတ်ပုံတင် ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၉၂ ခုမှာ နိုင်ငံရေး အယူဝါဒအရ ဖြစ်ပေါ်လာတဲ့ ပါတီ ၄၃ ခု ၊ တိုင်းရင်းသား မျိုးနွယ်စုအလိုက် ဖြစ်လာပေါ်တဲ့ ပါတီ ၁၉ ခု နဲ့ ဒေသအလိုက် ဖြစ်ပေါ်လာတဲ့ ပါတီ ၃၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.